စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်ဖွဲ့များ အာရှလမ်းစိုးမိုးနိုင်ရန် တိုက်ပွဲအရှိန်မြှင့် တိုက်ခိုက်လာနေ

စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်ဖွဲ့များ အာရှလမ်းစိုးမိုးနိုင်ရန် တိုက်ပွဲအရှိန်မြှင့် တိုက်ခိုက်လာနေ

မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် ကော့ကရိတ်ရွှေကြက် မင်းဘုန်းကြီးကျောင်းအား နောက်တန်းခံစစ် စခန်းအဖြစ် တပ်စွဲထားပြီး ဖားအံ၊ ကျုံဒိုးဘက်မှ စစ်ကူတပ်များဖြင့် အောင်ဇေယျစစ်ဆင်ရေးကို စစ်ရေးအရှိန် မြှင့်တိုက်ခိုက်လာနေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။

ထိုသို့ စစ်ဆင်ရေး အရှိန်မြင့်တိုက်ခိုက်လာသည့် စစ်ကောင်စီစစ်ကြောင်းများအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နှင့် PDF မဟာမိတ်ပူး ပေါင်းတပ်များ၏ ပိတ်ဆို့တိုက်ခိုက် နေမှုကြောင့် အကျအရှုံးများသည့်ကြားမှပင် ဆက်လက်ချီတက်တိုက်ခိုက်နေကြောင်း စစ်ရေးနယ်မြေသတင်း အရင်းအမြစ်များက ပြောသည်။

ကော့ကရိတ်စစ်ရေးနယ်မြေအတွင်း KNLA မဟာမိတ်တပ်များ၏ စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က

“စစ်တပ်က တတန်ကူးရွာ ရွှေကြက်မင်းဘုန်းကြီး ကျောင်းကနေ စစ်ရေးကွပ်ကဲပြီး အောက်ကတက်လာသမျှ စစ်ကူတပ်တွေကို ဒေါနတောင်ကို စစ်ကြောင်းတွေဖြန့်တက်ခိုင်းပြီး တိုက်နေတယ်။ အာရှလမ်းဘက်ရော၊ လမ်းဟောင်းဘက်ရော၊ အလယ်တောင်မဲတောင်ကြောဘက်ကရော၊ သင်္ဃန်းညီနောင်ကိုရောက်အောင် တက်ခိုင်းနေတာကို ကရင်အဖွဲ့တွေ၊ PDFအဖွဲ့တွေက ဖြတ်တိုက်နေတာပေါ့။ သူတို့ အကျအဆုံးများတယ်။ ထပ်တက်လာတယ်။ အဲသလို နေ့တိုင်းတိုက်နေတယ်” ဟု ပြောသည်။

ယခုလိုတိုက်ခိုက်နေမှုကို မြေပြင်စစ်ရေးအရှိန်မြှင့်ရုံတင်မကဘဲ စစ်ကောင်စီဝါဒဖြန့်ချိရေး တယ်လီ ဂရမ်ချန်နယ်များမှပါ စစ်ရေးသတင်းအမှားများ နေ့စဉ်ထုတ်လွှင့်ပြီးဝါဒဖြန့် မှုများပါ တပြိုင်နက် လုပ်ဆောင်နေကြောင်း မြေပြင်စစ်ရေးတာဝန်ရှိသူများက ပြောသည်။

“အာရှလမ်းတိုက်နေတာက တောနော်ရေတံခွန်တောင်ကြောနဲ့ စိုက်/မွေးဇုန်တောင်ကြောပေါ့နော် ၊ ကော့ ကရိတ်အပိုင်ကို မကျော်နိုင်သေးပါဘူး၊ ဒါကို အောင်ဇေယျစစ်ကြောင်းက မြဝတီမြို့အဝင် ဆိုင်းဘုတ်ကို ရောက်ပြီတို့တာဝါတိုင်ကုန်းကိုသိမ်းနိုင်ပြီတို့ ၃၅၅/၃၅၆ တပ်ကို ပြန်သိမ်းနိုင်တော့မယ်တို့ စစ်တပ် တယ်လီဂရမ် တွေကနေသတင်းမှားတွေ ထုတ်တယ်။ အခုက ဝါဒဖြန့်သတင်းမှားတွေနဲ့ပါ စိတ်ဓါတ်ပျက်ပြားအောင် တိုက်နေတာပေါ့နော်။ မြေပြင်မှာကတော့ တိုက်ချလိုက်သူတို့ပြန်ဆုတ်သွားလိုက်ဖြစ်နေတုန်းပါပဲ”ဟု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ စစ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိကော့ကရိတ်၊ ကျုံဒိုး၊ ဘုရားသုံးဆူ ၊ အနန်းကွင်း၊ ဖားပြ၊ လေးကေကော် နှင့် ဖာပွန်၊ ကတိုင်တိ နေရာ များတွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီ ပူးပေါင်းတပ်တို့အကြား မြေပြင်တိုက်ပွဲဆက်ရှိနေသလို စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်မှုနေ့စဉ် လုပ်ဆောင်နေသည့်အတွက် ကျေးရွာများ ထိခိုက်ပျက်စီးမှုရှိနေကြောင်း သိရသည် ။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...