သံတောင် ပျားစခန်းတွင် စစ်အုပ်စုက တပ်စွဲထား၍ စာသင်ကျောင်း ယာယီပိတ်ထားရ

သံတောင် ပျားစခန်းတွင် စစ်အုပ်စုက တပ်စွဲထား၍ စာသင်ကျောင်း ယာယီပိတ်ထားရ
ဓါတ်ပုံ - KIC
ဓါတ်ပုံ - KIC

တောင်ငူ-သံတောင်ကြီး လမ်းပေါ်ရှိ ပျားစခန်းကျေးရွာအနီး စစ်အုပ်စု တပ်ဖွဲ့ဝင်များ တပ်စွဲအထိုင်ချနေသဖြင့် လုံခြုံရေးစိုးရိမ်ရမှုကြောင့် ကလေးငယ်များ ကျောင်းမတက်ရဲဘဲ ရွာအလယ်တန်းကျောင်းကိုလည်း ယနေ့တွင် ယာယီပိတ်ထားရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့မှစတင်၍ တောင်ငူ-သံတောင် လမ်းအတိုင်း တက်လာသည့် စစ်တပ်နှင့် တော် လှန်ရေး အင်အားစုတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ဘက်က တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ပျားစခန်းကျေးရွာအနီး၌ အထိုင်ချတပ်စွဲလိုက်ခြင်းဖြစ်ကြောင်း ကရင်စစ်ရေး သတင်းအရင်းအမြစ်နှင့် ဒေသခံ များက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးက “ရွာပြင်ဘက်မှာ သူတို့ (စစ်အုပ်စု) ကား ထိ ထားတော့ အထိုင်ချနေတယ်။ သူတို့ရှိနေတော့ ရွာထဲမှာ ဘယ်သူမှအပြင်မထွက်ရဲကြဘူး။ ကလေးတွေလည်း ကျောင်းမသွားရဲတော့ ကျောင်းပိတ်ထားရတယ်” ဟု ပြောသည်။

အဆိုပါ စစ်တပ်သည် မော်တော်ယာဉ် ၁၇ စီးဖြင့် (၄) မိုင်မှ သံတောင်ကြီးသို့ သွားရန် လမ်းကြောင်းအတိုင်း ချီတက်လာခြင်းဖြစ်သည်။

ထို့ပြင် ပစ်ခတ်မှုဖြစ်ပွားနေစဉ်နှင့် နောက်ပိုင်းတွင် ဘုရင့်နောင်တပ်စခန်းမှ စစ်တပ်က အနီးဝန်းကျင်ကျေးရွာ များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

ထိုသို့ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် နံ့သာကုန်းနှင့် ကျောက်တိုင်ကျေးရွာတို့တွင် ကျည်ကျရောက် ပေါက်ကွဲခဲ့သည်။

သံတောင် (၁၃) မိုင်တွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးက “(၄) မိုင်ကနေ သံတောင်ကြီးဘက်ကို စစ်အုပ်စုကားတွေတက်တာ လမ်းမှာ ပစ်ခတ်မှုတွေဖြစ်တော့ လက်နက်ကြီးတွေပစ်တာ။ ကျောက်တိုင်က အိမ်တွေထိတယ်။ လူတွေတော့ရှောင်နေရတယ်” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုများကြောင့် လူထိခိုက်သေဆုံးမှု ရှိမရှိကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်လက် စုံစမ်းလျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) တောင်ငူခရိုင် နယ်မြေအတွင်းရှိ တောင်ငူ-သံတောင်-လိပ်သို လမ်းပိုင်းတွင် လက်ရှိ အာဏာသိမ်းထားသည့် ကာလအတွင်း စစ်အုပ်စုတပ် ယာဉ်တန်းများ ဖြတ်သန်း စဉ် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ မကြာခဏ တိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိသည်။

ထို့အတူ ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း စစ်တပ် ယာဉ်တန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဒေသခံ အချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

Most read this week

ဓာတ်ပုံ - CJ
September 2, 2026
ကရင်ပြည်၊ ဖားအံမြို့နယ်အတွင်း စစ်မှုထမ်းစေခိုင်းရန် စစ်အုပ်စုတပ်က တပ်သားအင်အား...
August 31, 2026
စစ်အုပ်စုသည် ၎င်းတို့၏ “ရက် (၁၀၀) စီမံကိန်း” တွင် ပြည်သူများ၏ လူမှုစီးပွား တည်ငြိမ်ရေးနှင့်...
August 31, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေလမ်းပိုင်းရှိ သဲဖြူချောင်းအထက် တောင်ကျောနေရာသို့...
ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...