ပြည်သူ့စစ်များကို ထောက်ပံ့ရန် စစ်ကောင်စီက မွတ်ဆလင်များထံမှ လစဉ်ကြေးကောက်ခံ

ပြည်သူ့စစ်များကို ထောက်ပံ့ရန် စစ်ကောင်စီက မွတ်ဆလင်များထံမှ လစဉ်ကြေးကောက်ခံ

စစ်ကောင်စီသည် ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ပြည်သူ့စစ်များကို လစာပေးရန်အတွက် မွတ်ဆလင် ဒုက္ခသည်စခန်းနှင့် ကျေးရွာများထံမှ လစဉ်ကြေး အတင်းအကြပ်တောင်းခံနေကြောင်း သိရသည်။

စစ်ကောင်စီ နှင့် ကျေးရွာတာဝန်ခံများသည် စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းနှင့် ကျေးရွာများမှ တစ်အိမ်ကို ငွေကျပ် ၅,၀၀၀ မှ ၃၀,၀၀၀ အထိ လစဉ် အတင်းအဓမ္မ ကောက်ယူနေကြောင်း ဒေသခံများက DMG ကို ပြောသည်။

ဘုမေကျေးရွာမှ မွတ်ဆလင်တစ်ဦးက “စစ်မှုထမ်းနေတဲ့သူတွေကို လစာပေးရတယ်ဆိုပြီးတော့ အိမ်တိုင်းက ငွေကောက်တယ်။ အဲဒါက လတိုင်းပေးရတာ။ မပေးလို့ မရဘူး။ စစ်ကောင်စီနဲ့ ကျေးရွာတာဝန်ရှိသူ ပေါင်းပြီးတော့ စီးပွားရေးလုပ်စားနေတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလမှစ၍ စစ်တွေမြို့အနောက်ဘက်ရှိ ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ သက္ကယ်ပြင် လက်သမား စသည့် ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် နေအိမ်အလိုက် အနည်းဆုံးငွေကျပ် ၅,၀၀၀ မှ ၃၀,၀၀၀ ကျပ်အထိ ကောက်ခံနေခြင်းဖြစ်သည်။

စစ်တွေမြို့နယ်တွင် မွတ်ဆလင်ထောင်နှင့်ချီကို စစ်ကောင်စီက စစ်သင်တန်းပေးထားပြီး တချို့ကို ရွာအနီးတွင် ဘန်ကာများ၊ ကတုတ်ကျင်းများလုပ်ကာ ကင်းစောင့်ခိုင်းထားပြီး၊ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရသူများလည်း ရှိသည်။

“ ကျနော်တို့ဆီက ကောက်တဲ့ငွေတွေကို စစ်ကောင်စီနဲ့ အပေါင်းအပါတွေက ယူတာပိုများတယ်။ စစ်မှုထမ်းနေတဲ့သူတွေထဲ တစ်လမှာ ငွေနှစ်သိန်းရတဲ့သူတွေ ရှိတယ်။ လုံးဝမရတဲ့သူတွေလည်း ရှိတယ်လို့ သိရတယ်။ စစ်မှုထမ်းနေတဲ့အချိန် ထွက်ပြေးလို့ မိုင်းနင်းမိပြီးတော့ သေသွားတဲ့သူတွေလည်းရှိတယ်” ဟု ဘာဆာကျေးရွာမှ မွတ်ဆလင်တစ်ဦးက ပြောသည်။

စစ်တွေမြို့နှင့် မွတ်ဆလင်ရွာများကို ဆက်သွယ်ထားသည့် လမ်းများတွင်လည်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ တိုးချဲ့ချထားပြီး ဖြတ်သန်းသွားလာသူများထံမှ ငွေတောင်းခံနေသည်။

ထိုသို့ အဖက်ဖက်တွင် ဖိနှိပ်ခံနေရသဖြင့် စားဝတ်နေရေးအဆင်မပြေကြောင်း မွတ်ဆလင်များက ပြောသည်။

သဲချောင်းဒုက္ခသည်စခန်းမှ မွတ်ဆလင်တစ်ဦးက “သူတို့ကောက်ခံတဲ့ငွေကို မပေးဘူးဆိုရင် စစ်မှုထမ်းရမယ် ဆိုပြီးတော့ ခြိမ်းခြောက်တယ်။ ကျနော်တို့မှာ ထွက်ပြေးစရာ နေရာလည်းမရှိတဲ့အတွက် လတိုင်းပေးနေရတယ်။ ဒုက္ခသည်တွေဆိုတော့ အလုပ်အကိုင်လည်းမရှိတဲ့အတွက် စားဝတ်နေရေးတွေက အဆင်မပြေဘူး” ဟု ပြော သည်။

စစ်တွေမြို့သည် ရခိုင်မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိနေသည့် စစ်ကောင်စီထိန်းချုပ်ရာ နေရာလည်းဖြစ်သည်။

ရခိုင်ဒေသအတွင်း အာရက္ခတပ်တော်၏ ထိုးစစ်ကိုခုခံရန် စစ်ကောင်စီသည် မွတ်ဆလင်များကို အတင်းအဓမ္မ စစ်မှုထမ်းစေခြင်း၊ ရခိုင်နှင့် မွတ်ဆလင်ကြား လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိနေသည်။

DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...