မောင်တော နခခ (၅) မကျဆုံးရေး စစ်ကောင်စီ အပြင်းအထန်ခုခံ

မောင်တော နခခ (၅) မကျဆုံးရေး စစ်ကောင်စီ အပြင်းအထန်ခုခံ

ရခိုင်ပြည်၊ မောင်တောမြို့တွင် အာရက္ခတပ်တော် (AA) သိမ်းပိုက်ရန် တစ်ခုတည်းကျန်ရှိနေသည့် မြို့အဝင်လမ်းရှိ မြို့သူကြီး နခခ (၅) တပ်ရင်း မကျဆုံးစေရေး အပြင်းအထန် ခုခံနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီသည် နခခ (၅) မကျစေရေးအတွက် လေကြောင်းမှ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီနေ့ မနက်ခြောက်နာရီလောက်က အေအေဘက်က နခခ (၅) ကို လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲဖို့လာတာကို အေအေက လှမ်းပစ်သေးတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နခခ (၅) တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ မွတ်ဆလင်လက်နက်ကိုင် ARSA၊ ARA၊ RSO အဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်း မွတ်ဆလင် စုစုပေါင်းအင်အား ၄၀၀ ခန့်ရှိကြောင်း သတင်းရင်းမြစ်များက ခန့်မှန်းကြသည်။

၎င်းတို့သည် နခခ (၅) ရှိ ဆက်သွယ်ရေး တူးမြောင်း၊ ကာကင်းစခန်းနှင့် ကတုတ်ကျင်းများထဲ ပုန်းခိုကာ AA တပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“စစ်ကောင်စီဘက်က စစ်လက်နက်အသစ် အမျိုးအစားတွေကို လေကြောင်းက ဖြည့်တင်းပေးနေတာတွေ ရှိတယ်။ ပြီးတော့ မြေအောက်ခန်းတွေမှာ ပုန်းအောင်းပြီး အလစ်အငိုက်ကို ချောင်းပစ်တာတွေ လုပ်နေတယ်။ တိုက်ပွဲက တစ်ရက်ထက်တစ်ရက် ပြင်းလာနေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် မောင်တောမြို့ကို လက်မလွှတ်ရရေး စစ်သင်တန်းဆင်း မွတ်ဆလင်များ အပါအဝင် ARSA၊ ARA၊ RSO များနှင့် ပူးပေါင်းခုခံနေခြင်းဖြစ်သည်။ ရခိုင်မြောက်ပိုင်းတွင် စစ်တွေကလွဲပြီး မောင်တောတစ်မြို့တည်းသာ ကျရှိတော့သည့် အနေအထားဖြစ်သည်။

“မောင်တောကို စစ်ကောင်စီက လွယ်လွယ်နောက်ဆုတ်မှာ မဟုတ်ဘူးမြင်တယ်။ အဓိက နယ်စပ်ကုန်သွယ်ရေးဇုန် ရှိနေတာကြောင့်ဖြစ်တယ်။ နောက်ပြီး မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ ပူးပေါင်းခုခံပြီး လူမျိုးရေးပဋိပက္ခလည်း ဖန်းတီးလို့ရတော့ စစ်ကောင်စီက အားသာတယ်။ ဒီအပေါ်မှာ AA ဘက်ကလည်း တကယ့်ခက်ခက်ခဲခဲတိုက်ရတဲ့ ပုံစံမြင်ရတယ်” ဟု ဘူးသီးတောင်ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက နခခ (၅) မှ စစ်ကောင်စီတပ်သား ၅၀၀ ခန့် တပ်ဆုတ်ပြေးခဲ့သည်။ ယင်းနောက် ကျန်ရှိနေသေးသည့် စစ်ကောင်စီနှင့် အပေါင်းအပါများကို လက်နက်ချအညံ့ခံကြရန် AA က ဩဂုတ်လအတွင်း သတိပေးခဲ့သည်။

မောင်တောမြို့ကို လက်မလွှတ်စေရေးအတွက် စစ်ကောင်စီက လေကြောင်းကို အဓိကထား ပစ်ခတ်လျက်ရှိပြီး အာရက္ခတပ်တော် (AA) ကလည်း အရှိန်အဟုန်မြှင့် တိုက်ခိုက်လျက်ရှိသည်။

Most read this week

December 9, 2025
စစ်ကောင်စီ ထိန်းချူပ်ထားဆဲဖြစ်သည့် စစ်တွေမြို့က အခြေခံလက်လုပ်လက်စားနှင့် မွတ်ဆလင်များကို...
Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...