စားဝတ်နေရေးကြောင့် ရခိုင်ဒေသတွင် သွေးနှင့် ငွေသား လဲလှယ်မှုများရှိလာ

စားဝတ်နေရေးကြောင့် ရခိုင်ဒေသတွင် သွေးနှင့် ငွေသား လဲလှယ်မှုများရှိလာ

စစ်ကောင်စီက လမ်းပိတ်ဆို့ထားသော ရခိုင်ဒေသတွင် စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသဖြင့် ဒေသခံများမှာ သွေးနှင့် ငွေသား လဲလှယ်မှုများရှိလာနေကြောင်း သတင်းရရှိသည်။

လူနာများ အရေးပေါ်သွေးလိုအပ်နေချိန်တွင် မွန်မြတ်သော ဇီဝိတဒါနသွေးလှူဒါန်းမှုကို ပြုလုပ်လိုကြသော်လည်း စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကြောင့် ငွေသားဖြင့် လဲလှယ်ရသည်အထိ လုပ်လာနေရခြင်းလည်း ဖြစ်သည်။  

ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက “စားဝတ်နေရေးကျပ်တည်းလာတော့ ကြုံရာကျပန်း အလုပ်ကြမ်းတွေလုပ်ပြီး တစ်နေ့တာကို ဖြေရှင်းနေရတယ်။ သွေးလှူပြီး အနားယူလိုက်တော့ အလုပ်မလုပ်နိုင်၊ အလုပ်မလုပ်နိုင်ရင် မိသားစုဝမ်းရေးက အဆင်မပြေ။ ဒါကြောင့် သွေးလှူရင် ပိုက်ဆံပေးရတာတွေထိ ရှိလာတယ်” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသူများနှင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အကျပ်အတည်းများကြောင့် ၎င်းတို့ခန္ဓာကိုယ်ရှိ သွေးကို ငွေသားဖြင့် လဲလှယ်နေခြင်းဖြစ်သည်။

သွေးလိုအပ်သူများက သွေးထုတ်ပေးမည့်သူကို ငွေကျပ် တစ်သိန်းမှ နှစ်သိန်းကျပ်အထိ ပေးရကြောင်း သိရသည်။

“အိမ်တွေစွန့်ပြီးလာရတာဆိုတော့ တတ်နိုင်တဲ့လူတွေက ရှိတာတွေကို ထုခွဲရောင်းချပြီး အရင်းအနှီးတွေလုပ်လို့ လုပ်ကိုင်စားသောက်ကြတယ်။ ပိုက်ဆံမတတ်နိုင်တဲ့ လက်လုပ်လက်စားတွေမှာတော့ စားရေးသောက်ရေးအတွက် ခန္ဓာကိုယ်ကိုလည်း ပိုက်ဆံနဲ့ ရင်းလာရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသမှာ လူမှုကူညီရေးအသင်းအဖွဲ့များ လုပ်ငန်းလည်ပတ်မှု အားနည်းသွားသဖြင့် အရေးပေါ်သွေးလိုအပ်ချိန် အလွယ်တကူရရှိရန် ခက်ခဲမှုများရှိနေ၍ လူနာရှင်များကိုယ်တိုင် မြေပြင်ကွင်းဆင်းပြီး သွေးအလှူခံနေကြရသည်။

တစ်ဖက်တွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် အကျပ်အတည်းများစွာကို ရင်ဆိုင်နေကြသော ဒေသခံများမှာ အရာရာကို ဝမ်းရေးနှင့် တိုင်းတာနေကြရသည်။

စားဝတ်နေရေး အကျပ်အတည်းကြုံနေရသဖြင့် အခြားမြို့နယ်များတွင်လည်း ယခုကဲ့သို့ ဖြစ်စဉ်များရှိနေကြောင်း လူမှုကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ရခိုင်က လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက “သွေးလှူချင်ပေမယ့် သွေးပေးရမယ့်သူတွေမှာ အလုပ်နားရရင် နေ့စားလုပ်အားခတွေ နစ်နာမယ်။ မိသားစုတွေလည်းရှိပြန်တော့ ပိုခက်ခဲမယ်။ ဒီကြားထဲမှာ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် နားလည်မှုယူပြီး လဲလှယ်နေကြတာပါ” ဟု ပြောသည်။

တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို ဖြတ်လေးဖြတ် စစ်ရေးဗျူဟာကျင့်သုံးနေ၍ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝ ကဏ္ဍအသီးသီးတွင် ကြီးမာသော စိန်ခေါ်မှုများ ဖြစ်ပေါ်နေရသည်။

May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...