စစ်တွေမြို့အနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေ

စစ်တွေမြို့အနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေ

ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး မြို့တွင်း၌လည်း လုံခြုံရေးတင်းကြပ်မှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တွေမြို့နယ်၊ ဝါဘိုနှင့် မင်းလှကျေးရွာကြားရှိ တစ်နေရာနှင့် အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ ဩဂုတ်လ ၂၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်များစွာဖြင့် တပ်ဆုတ်သွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းနောက် စစ်တွေမြို့အနီးရှိ စစ်ကောင်စီ တပ်ရင်းနှင့် ရေတပ်တို့မှ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်ဖက်သို့ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရှိနေကြောင်း အထက်ပါသတင်းရင်းမြစ်က ပြောသည်။

“တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ တပ်ရင်းတွေနဲ့ ရေတပ်နေဗီတွေက စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကျေးရွာတွေနဲ့ ရသေ့တောင်မြို့နယ်အစပ်က ကျေးရွာတွေဖက်ကို  နေ့တိုင်း လက်နက်ကြီးပစ်ခတ်တာတွေ ရှိတယ်။ နောက် မြစ်ပြင်က ငါးဖမ်းစက်လှေတွေကို လှမ်းပစ်တာတွေလည်း ရှိနေတယ်” ဟု သူက ပြောသည်။

ယနေ့ ဩဂုတ်လ ၃၁ ရက်၊ နံနက်ပိုင်းတွင်လည်း လက်နက်ကြီး ၈ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘဲ မိုင်းဆွဲတိုက်ခိုက်ခြင်းမျိုးသာ ရှိခဲ့သော်လည်း လက်ရှိတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားလာခြင်း ဖြစ်သည်။

စစ်တွေမြို့နှင့် ၅ မိုင်အကွာ နေရာများတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့တွင်း၌ လုံခြုံရေးကို ပို၍တင်းကြပ်လာကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးတင်းကြပ်ထားတာကို တွေ့ရတယ်။ ညအချိန်တွေမှာဆိုရင် အရင်ကထက် အစစ်အဆေးတွေ ရှိလာတယ်။ စစ်ကောင်စီတပ်ရင်းတွေနဲ့ ရေတပ်တွေက လက်နက်ကြီး ပစ်ခတ်တာတွေလည်း နေ့တိုင်းရှိတယ်” ဟု သူက ပြောသည်။

ဩဂုတ် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် စစ်တွေမြို့နယ်ရှိ စစ်ကောင်စီရေတပ်မှ ပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်၊ ဆားပြင်ကြီးကျေးရွာမှ ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာမှ ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။

စစ်တွေမြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားလာ၍ စစ်ကောင်စီသည် AA ၏ ထိုးစစ်ကို စိုးရိမ်ကြောက်လန့်ပြီး လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ကာ မြို့တွင်းလုံခြုံရေး တင်းကျပ်နေခြင်းဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

“စစ်ကောင်စီရဲ့ “ရခိုင်ပြည်အစိုးရ” ဆိုတာက နာမည်လောက်ပဲ ရှိတော့တယ်။ အဲဒီအစိုးရအဖွဲ့လို့ နာမည်ခံထားကြတဲ့သူတွေဟာ စစ်တွေမြို့မှာတောင် လုံခြုံမှုမရှိတော့ဘူး။ သူတို့ကိုယ်တိုင်လည်း သိထားပြီးသား ရှိမှာပါ။ နောက်ဆုံး တိုက်ပွဲပြင်းလာရင်တော့ အစိုးရဆိုတဲ့သူတွေဟာလည်း စစ်တွေမြို့က ထွက်ပြေးကြမှာဖြစ်တယ်” ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

AA သည် လက်ရှိတိုက်ခိုက်နေသည့် မောင်တောမြို့ကို သိမ်းပိုက်ပြီးလျှင် ပြည်သူအထိအခိုက် အနည်းဆုံးဖြစ်မည့် စစ်ရေးဗျုဟာ တစ်ခုခုဖြင့် စစ်တွေမြို့ကို ထိုးစစ်ဆင်လာနိုင်ကြောင်း သူက ဆက်ပြောသည်။  

စစ်ကောင်စီသည် စစ်တွေမြို့ပတ်လည်တွင် မြေမြုပ်မိုင်းများ ထောင်ကာ ခံစစ်အခိုင်အမာ ပြင်ဆင်ထားသည့်အပြင် ဒေသခံများကို သံသယဖြင့် ဖမ်းဆီးခြင်း၊ ထောင်ချခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည်။

ရခိုင်တိုက်ပွဲ ၉ လကျော်အတွင်း AA သည် မြို့နယ် ၁၀ ခု သိမ်းပိုက်ထားပြီး မောင်တောနှင့် သံတွဲမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...