ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့တို့ လာမည့်အပတ်ထဲ နယူးဒေလီမြို့မှာ တွေ့ဆုံညှိနှိုင်းမည်

ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့တို့ လာမည့်အပတ်ထဲ နယူးဒေလီမြို့မှာ တွေ့ဆုံညှိနှိုင်းမည်

ချင်းပြည်နယ်က ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်ကောင်စီ (CC) နှင့် ချင်းညီနောင်အဖွဲ့ (CB)တို့အကြားက နိုင်ငံရေး၊ စစ်ရေးပဋိပက္ခကို လာမည့်အပတ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ နှစ်ဖက်တွေ့ဆုံညှိနှိုင်းကြမည်ဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၁၅ ရက်တွင် လက်ရှိ ချင်းနိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်၍ ချင်းညီနောင်အဖွဲ့က အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

“ချင်းလဲန်းကောင်စီနဲ့ တွေ့ဆုံညှိနှိုင်းမှု အခြေအနေလေးကတော့ ပထမခေါက်တော့ အွန်လိုင်းကနေ တချို့ စကားပြောတာတွေ ရှိတယ်။ အခုလာမယ့် အပတ်ထဲမှာ ဒေလီမှာ Crisis Management Initiative – CMI က ကမကထ ဦးဆောင်ပြီးတော့ နှစ်ဖက်ကို third party နဲ့အတူ တွေ့ဆုံညှိနှိုင်းဖို့ ရှိပါတယ်။ နိုင်ငံရေးအရ မဖြစ်မနေ လူချင်း အချင်းချင်းကြားမှာ စကားမပြောတဲ့ အနေအထားလည်း ဖြစ်နေတဲ့အခါကြတော့ ကျနော်တို့ အဲဒီအတွက် ချင်းညီနောင်အနေနဲ့ ပြင်ဆင်နေတဲ့ဟာ ရှိပါတယ်။ နှစ်ဖက်ပြေလည်ချင်တယ်။ ကျနော်တို့ ပြောချင်တာက ဘယ်တော့မှ အချင်းချင်းကို လက်နက်ကိုင်စွဲပြီး ဖြေရှင်းတာမျိုး မလုပ်ပဲနဲ့ နိုင်ငံရေး စားပွဲဝိုင်းပေါ်မှာ အချင်းချင်း အဖြေရှာဖို့ ဆိုတဲ့ မူဝါဒမျိုး ရှိသလို၊ ကျနော်တို့ အဲဒီအတွက်ကို ကြိုးစားနေတယ်။ ပြင်ဆင်နေတယ်။ အဲဒီအတွက်လည်း အစွမ်းကုန် ကြိုးစားပါမယ်” ဟု ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုရောဘတ်က ပြောသည်။

ချင်းတော်လှန်ရေးနှစ်ဖက်အဖွဲ့အစည်းများကြားက နိုင်ငံရေးပဋိပက္ခ ပြေလည်နိုင်ရေးအတွက် ကြားခံအဖွဲ့ (Third Party) ဖြင့် တန်းတူညီမှု၊ ဘက်မလိုက်ဘဲ ပါဝင်ဆောင်ရွက်ပေးလျှင် ညှိနှိုင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ချင်းညီနောင်အဖွဲ့တာဝန်ရှိသူ များက ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုကြသည်။

Crisis Management Initiative – CMI က ဦးဆောင်ပြုလုပ်မည့် ထိုဆွေးနွေးပွဲကို တက်ရောက်မည်ဖြစ်ပြီး တွေ့ဆုံမှု ရလဒ် အပေါ် မှာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင်၊ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ခိုနူမ်းသုန်းကို ပြောသည်။

“ရက်အတိအကျတော့ မသိသေးဘူးနော်။ ချင်းပဋိပက္ခပြေလည်စေဖို့က အကောင်းဆုံးတော့ ဖြစ်စေချင်တာပေါ့လေနော်။ တွေ့ဆုံမှု ရလဒ်အပေါ်ပဲ ဆက်လုပ်ရမှာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းပြည်ကောင်စီပူးပေါင်းတပ်နှင့် ချင်းညီနောင်အဖွဲ့တို့ကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှ ချင်းတော်လှန်ရေး ရဲဘော်များထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

ဖင်လန်နိုင်ငံ ဟဲစီကီမြို့တွင် အခြေစိုက်ထားသည့် CMI အဖွဲ့သည် ဆွေးနွေးပွဲများနှင့် ညှိနှိုင်းဖျန်ဖြေမှုများမှတစ်ဆင့် ပဋိပက္ခများကို တားဆီးဖြေရှင်းရန် လုပ်ဆောင်သည့် လွတ်လပ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် ဖင်လန်သမ္မတဟောင်း Martti Ahtisaari တို့မှ ၂၀၀၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်ဟုသိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...