KIA တပ်ရင်း(၆) နေရာကို ထိန်းချုပ်တဲ့ တောမှော် စစ်တပ်စခန်းကို KIA ထပ်မံသိမ်းပိုက်

KIA တပ်ရင်း(၆) နေရာကို ထိန်းချုပ်တဲ့ တောမှော် စစ်တပ်စခန်းကို KIA ထပ်မံသိမ်းပိုက်

ဖားကန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA လုံးခင်းအုပ်စုထဲမှာရှိတဲ့ လမောင်(Lamawng) စစ်တပ်ဗျူဟာကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် တပြိုင်နက်တည်းတိုက်ခိုက်ခဲ့တဲ့ တောမှော်(Tawmaw) တပ်စခန်းကိုလည်း ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ KIO ပြောပါတယ်။

“တောမှော်တပ်စခန်းကို ဒီညနေ ၄ နာရီခွဲလောက်မှာ သိမ်းပိုက်ပြီ။ အဲဒီတပ်စခန်းလည်း တပ်စခန်းအကြီးပါဘဲ။ အဓိကကျတဲ့ လုံခြုံရေးတပ်စခန်းတွေပေါ့”လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တောမှော်စစ်တပ်စခန်းဟာ လုံးခင်းအုပ်စုထဲမှာရှိပြီး လမောင်စစ်ဗျူဟာကုန်းနည်းတူ ရှေ့တန်းလုံခြုံရေးတပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။

KIA တပ်တွေဟာ  ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ လမောင်စစ်တပ်ကုန်းကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် ညနေပိုင်း ၄ နာရီလောက်မှာ တောမှော်တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

တောမှော်တပ်စခန်းက ဖားကန့်မြို့နဲ့ ၁၀ မိုင်လောက်အကွာမှာတည်ရှိပြီး ကံဆီးကျေးရွာနဲ့လည်း နီးသလို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ နေရာကို အဓိက ထိန်းချုပ်နေတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကလည်း ဆက်ပြောပါတယ်။

“တောမှော်ဆိုတာက ကံဆီး KIA တပ်ရင်း ၆ ကို တက်သွားတဲ့ လမ်းနေရာမှာရှိတာဖြစ်တယ်။ အခုသိမ်းလိုက်တဲ့ လမောင်စစ်တပ်စခန်းနဲ့ လည်း လှမ်းထောက်နိုင်တယ်။ တပ်ရင်း ၆ ဘက်ကို တက်သွားတဲ့ လမ်းနေရာက စစ်တပ်ရဲ့ ကာကင်းတပ်စခန်းတစ်ခုဖြစ်တယ်”လို့ပြောပါတယ်။

လမောင်စစ်ကုန်းနဲ့ တောမှော် စစ်တပ်စခန်းဟာ ၅ မိုင်လောက်အကွာမှာသာရှိပြီး တောမှော် တပ်စခန်းမှာ စစ်ကောင်စီတပ် ခမရ ၁၂ က တပ်ထိုင်ထားတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။

KIA က တစ်ရက်ကျော်အကြာမှာပဲ ဖားကန့်မြို့တစ်ခုလုံးအပါ ဖားကန့် မြို့တွင်းမှာရှိတဲ့ စစ်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်တပ်စခန်း နဲ့ ကံဆီးတပ်စခန်းနေရာတွေကို အဓိက လုံခြုံရေးယူပေးနေတဲ့ လမောင်စစ်တပ်ကုန်းနဲ့ တောမှော် တပ်စခန်း ၂ ခုကို သိမ်းပိုက်ယူလိုက်တာဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်း လမောင်စစ်တပ်စခန်း သိမ်းပိုက်မှုမှာလည်း KIA ဘက်က စစ်ကောင်စီတပ်သား ၁၂ ဦးဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။

အဲဒီတပ်စခန်း ၂ ခုကို ဩဂုတ်လ ၁၄ ရက်နေ့ KIA ပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၅ ရက်နေ့မှာ တပ်စခန်း နှစ်ခုစလုံး သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းအတွင်း ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း ၆ ခုလောက်ကို သိမ်းပိုက်လိုက်တဲ့ နောက်ပိုင်း အခု ၄ လခန့်အကြာမှာ တိုက်ပွဲပြန်လည်ဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...
January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...