တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း CDF-KKG ရဲဘော် ၄၆ ဦးကျဆုံး၊ ရဲဘော် ၁၁ ဦး မသန်စွမ်းဖြစ်ခဲ့ရ

တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း CDF-KKG ရဲဘော် ၄၆ ဦးကျဆုံး၊ ရဲဘော် ၁၁ ဦး မသန်စွမ်းဖြစ်ခဲ့ရ

ချင်း၊မကွေးနှင့် စစ်ကိုင်းတို့တွင် စစ်ရေးလှုပ်ရှားနေသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ CDF- KKG သည် စစ်အာဏာရှင်တော်လှန်ရေး ၃ နှစ်ကျော်အတွင်း ရဲဘော် ၄၆ ဦး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူ ရဲဘော် (၁၁) ဦးရှိခဲ့သည်ဟု CDF-KKG Global Support Team က ထုတ်ပြန်သည်။

ထိခိုက်ဒဏ်ရာရရှိသော ရဲဘော် ၁၁ ဦးမှာ ရှေးတန်းတွင် တိုက်ပွဲဝင်သည့်အချိန် နယ်မြေရှင်းလင်းနေစဉ် မိုင်းမတော်တဆမှုတို့ကြောင့် မျက်စိ၊ ခြေထောက်နှင့် လက်ဆုံးရှုံးသူများဖြစ်ကြပြီး ဆေးဝါကုသရန် အကူအညီများလိုအပ်နေကြောင်း CDF-KKG Global Support Team က ဩဂုတ်လ ၁၃ ရက်နေ့တွင် ရုပ်သံနှင့်တကွထုတ်ပြန်ခဲ့သည်။

ဒါဏ်ရာရ ရဲဘော်များထဲတွင် ဆေးဝါးကုသမှုခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာသူများရှိသော်လည်း တချို့မှာ အကောင်းပကတိအတိုင်း ပြန်မဖြစ်တော့ဘဲ ကိုယ်လက် အင်္ဂါဆုံးရှုံးမှုကြောင့် မသန်စွမ်းဘဝသို့ရောက်ခဲ့ကြရသည်ဟု သိရသည်။

ထိုကဲ့သို့ ကိုယ်လက် အင်္ဂါဆုံးရှုံးမှုကြောင့် မသန်စွမ်းဘဝရောက်ခဲ့ကြသော်လည်း မိမိယုံကြည်ချက်အတွက် အားမလျှော့ဘဲ တော်လှန်ရေးပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အသက် ၂၀ အရွယ် CDF-KKG တပ်ရင်း ၄၊ တပ်ခွဲ ၂ တပ်ခွဲမှူး မုန်တိုင်းကပြောသည်။

“ ကျွန်တော်ကတော့ မိုင်းရှင်းရင်းနဲ့  ထိခိုက်တာပါ။ ဒါဏ်ရာကတော့ ဘယ်ဘက် ဒူးခေါင်းအောက်ပိုင်း ခြေထောက်မှာပေါ့။ ခြေတုနဲ့လဲ အဆင်ပြေပါတယ်။ သေနတ်ကိုင်တာ ခြေထောက်နဲ့မှမဟုတ်တာ၊ လက်နဲ့ကိုင်တာဆိုတော့ လက်ကဘာမှ မဖြစ်ဘူး၊ အဆင်ပြေပါတယ်။ စိတ်ဓါတ်မကျပါဘူး” ဟု မုန်တိုင်းက ပြောသည်။

ပြည်တွင်းပြည်ပရောက်ရှိနေကြသော ချင်းပြည်သူများအနေဖြင့် တော်လှန်ရေးရဲဘော်များ၏ ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာမှ အားဖြည့်ကူညီပေးကြရန်လည်း CDF-KKG Global Support Team က တောင်းဆိုထားသည်။

CDF – KKG သည် ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသအတွင်းက လူမျိုး၊ ဘာသာ မတူညီကွဲပြားကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများထံမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး စစ်ကောင်စီ ကျဆုံးရေးကို ရှေးရှူ၍ နေရာဒေသ မရွေး စစ်ရေးဖော်ဆောင်လျက်ရှိ ကြောင်း သိရသည်။

May 27, 2026
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း(Tiau Lui) မှာ...
May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးမှာ ချင်းတော်လှန်ရေးတပ်နှင့် အာဏာသိမ်း စစ်တပ်တို့ကြား...
May 25, 2026
ချင်းလဲန်းဒေသသို့ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းများစွာဖြင့် အဖက်ဖက်မှ...
May 23, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့...