စစ်တွေမြို့တွင် ဒေသခံများ ဆက်တိုက်ဖမ်းဆီးခံနေရ

စစ်တွေမြို့တွင် ဒေသခံများ ဆက်တိုက်ဖမ်းဆီးခံနေရ

ရခိုင်ပြည်၊ စစ်တွေမြို့ အဝင်အထွက်လမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး မြို့တွင်းဒေသခံများအား ယခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် စောမြရာဇာလင်း၏ ALP တပ်ဖွဲ့ဝင် ၃၀ ဦးခန့်သည် ကန်တော်ကြီးရပ်ကွက်မှ ဒေသခံ ၂၁ ဦးကို ဩဂုတ် ၁၂ ရက်၊ ညည့်အချိန်တွင် အကြောင်းမဲ့ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက “ဒီရပ်ကွက်မှာ ဧည့်စာရင်းစစ်နေတာ ၃ ရက် ၄ ရက်လောက်ရှိပြီ။ ဧည့်သည်တွေ ဝင်တာရှိလားလို့လည်း မေးတာရှိတယ်။ ဩဂုတ် ၁၂ ရက်မှာ ဒေသခံတွေ ၂၁ ယောက်ကို ဖမ်းဆီးသွားတယ်” ဟု ပြောသည်။

ဩဂုတ်လ ၁၁ ရက်၊ ညည့် ၁၁ နာရီကျော်ကလည်း စစ်တွေမြို့၊ ကသဲရပ်ကွက်ကို စစ်ကောင်စီတပ်သားများ စစ်ကားနှစ်စီးဖြင့် ဝင်ရောက်လာပြီး ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

“စစ်ကားနှစ်စီးနဲ့ ရောက်လာပြီး နေအိမ်တွေကို တံခါးဖွင့်ခိုင်းတယ်။ တံခါးမဖွင့်တဲ့ အိမ်တွေဆို အဓမ္မဖွင့်ပြီး ဝင်တယ်။ တွေ့သမျှလူတွေကို ဖမ်းဆီးသွားတာပါ” ဟု ယင်းဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။

အလားတူ ဩဂုတ် ၁၀ ရက်၊ ည ၉ နာရီခန့်တွင် အောင်မင်္ဂလာရပ်ကွက်မှ မွတ်ဆလင် ၁၀ ကျော်ကိုစစ်ကောင်စီက လာရောက်ဖမ်းဆီးသွားပြီး၊ ဖမ်းဆီးခံရသူများထဲ ဘူးသီးတောင်မြို့နယ်မှ လာရောက် စစ်ဘေးရှောင်နေကြသည့် မွတ်ဆလင်များမှာလည်း ပါဝင်ကြောင်း သိရသည်။

စစ်တွေမြို့တွင် စစ်ကောင်စီနှင့် ALP တို့ ပူးပေါင်းပြီး မြို့တွင်းလှည့်လည်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးခြင်းများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း ပြောဆိုကြသည်။

“စစ်ကောင်စီက လမ်းတွေအကုန်လုံး ပိတ်ထားတော့ မြို့ထဲကဒေသခံတွေကို “ငါတို့လုပ်ချင်သလို လုပ်လို့ရတယ်”ဆိုတဲ့ သဘောပါ။ သူတို့ဖမ်းချင်ရင်ဖမ်းတယ်။ ပြန်လွှတ်ချင်ရင် ပြန်လွှတ်ပေးလိုက်တယ်။ ရှေ့ဆက်ပြီးနေဖို့အတွက်က တော်တော်လေးစိုးရိမ်စရာပါ ” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုလအတွင်း စစ်တွေမြို့တွင် ဒေသခံ ၁၀၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အချို့ ဒေသခံများမှာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဩဂုတ် ၄ ရက်ကလည်း စစ်တွေမြို့ရှိ ကသဲ၊ ဓညဝတီ(ခ)၊ မင်းဂံ အကွက်(၆)၊ (၇)၊ (၈) ရပ်ကွက်များမှ ဒေသခံ ၇၀ ဦးထက် မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ဒေသခံ ၂၀ ဦးခန့်ကို ပြန်လည် လွှတ်ပေးလိုက်သည်။

ရခိုင်တိုက်ပွဲစတင်ချိန်မှစ၍ စစ်တွေမြို့တွင် စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး ဒေသခံများကို ဖမ်းဆီး ခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။ လက်ရှိတွင်လည်း စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်ကာ သံသယဖြင့် ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေ၍ ဒေသခံများမှာ လုံခြုံမှုကင်းမဲ့နေကြရသည်။

စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk
June 6, 2026
ရခိုင်ပြည်၊ စစ်တွေမြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲများသည်...
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 5, 2026
ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ...
ယခုနှစ်အစောပိုင်းက တိုက်ပွဲကြောင့် ကျောက်ဖြူဒေသခံများ ထွက်ပြေးကြစဉ်။ ဓာတ်ပုံ - ဇင်ချောင်းလူငယ်ပရဟိတအသင်း။
June 4, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်တန်း အနီးတစ်ဝိုက်တွင် နေထိုင်နေကြသော ကျောက်ဖြူမြို့နယ်က...
AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...