ဆီဆိုင်မြို့ စစ်ဘေးရှောင်များ ထွက်ပြေးရန် နေရာမရှိ ဖြစ်နေ

ဆီဆိုင်မြို့ စစ်ဘေးရှောင်များ ထွက်ပြေးရန် နေရာမရှိ ဖြစ်နေ

သျှမ်းပြည် ဆီဆိုင်မြို့နယ် တိုက်ပွဲကြောင့် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်အပါအဝင် ဒေသခံများသည် သြဂုတ် ၃ ရက်စတင်ကာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆီဆိုင်မြို့ဒေသခံများက ပြောသည်။

တစ်လကျော်ကြာ တိုက်ပွဲများငြိမ်သက်နေသည့် ဆီဆိုင်မြို့တွင် ပြီးခဲ့သည် သြဂုတ် ၃ ရက်က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ဌာနချုပ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးလာကြဲပြီးသည့်နောက် ဆီဆိုင်မြို့အရှေ့ဘက် ကျေးရွာ တကြော တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲကြောင့် ဆီဆိုင်မြို့အရှေ့ဘက်ရှိ ကျေးရွာပေါင်း ၁၀ ရွာနှင့် လူဦးရေ ၃,၀၀၀ ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကထုတ်ပြန်ထားသည်။

“အခုတိုက်ပွဲပြန်ဖြစ်တော့ ကြောက်ပြီးပြေးကြတယ်။ ဒါပေမဲ့ ပြေးတဲ့နေရာတွေလည်းမရှိတော့ဘူး။ ဘယ်နားပြေးပြေး အဆင်မပြေတော့ဘူး။ မြို့တွေပေါ်မှာ စစ်ဘေးရှောင်တွေ သိပ်လက်မခံကျတော့ဘူး။ ကျမတို့လည်း မပြေးတော့ဘူး” ဟု ဆီဆိုင်မြို့ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် လွယ်ထွဲကျေးရွာသည် ဆီဆိုင်မြို့နှင့် ၆ မိုင်သာ ကွာဝေးသည်။

ထို့အပြင် စစ်ဘေးရှောင်များသည် ထွက်ပြေးရန် အလုပ်မရှိသောကြောင့် ဝင်ငွေမရှိကာ ကားဆိုင်ကယ် ငှားစီးပြီးမပြေးနိုင်ကြကြောင်း၊ ကား၊ ဆိုင်ကယ်ရှိသူအချို့လည်း ဆီဈေးမတတ်နိုင်ကြောင်း၊ အိမ်ငှားပြီး မနေနိုင်ကြကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

“အခုကပြေးရင် တောထဲမှာပြေးလို့ အဆင်မပြေတော့ဘူး။ မြို့ပေါ်ကိုပြေးရင်လည်း အိမ်ငှားခ မတတ်နိုင်ဘူး။ တချို့က ကားလည်းမရှိ၊ ဆိုင်ကယ်လည်းမရှိဘူး။ ဓာတ်ဆီတွေလည်း ဘာညာသယ်ရသေးတယ်၊ မသယ်ချင်တော့ဘူး။ သယ်လိုက်ပြန်လိုက်သွားလိုက်လာလိုက်နဲ့ မပြေးချင်တော့ဘူး” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ဆီဆိုင်မြို့နယ်တွင် စက်သုံးဆီ တစ်လီတာကို ကျပ် ၁ သောင်းခန့်ရှိသည့်အပြင် လိုချင်သလောက် ဝယ်ယူ၍မရနိုင်ကြောင်း၊ အိမ်ဌားခလည်း တစ်လလျှင် ၅ သောင်းရှိကြောင်း သိရသည်။

အလားတူ သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကြောင့် စစ်ဘေးရှောင်များသည် သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီးမြို့၊ ညောင်ရွှေမြို့သို့ လာရောက်လှိုခုံရာ စစ်ဘေးရှောင်ဦးရေ များပြားနေကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်းတွင် ကရင်နီမှ စစ်ဘေးရှောင်အပါအဝင် ပအိုဝ်းဒေသမှ စစ်ဘေးရှောင်စုစုပေါင်း ၁ သိန်းကျော်အထိ ရှိနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက ထုတ်ပြန်ထားသည်

April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...