ကျိုက်ထိုမြို့ပေါ်တွင် စစ်မှုထမ်းရန် နာမည်နှင့်တကွ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေ

ကျိုက်ထိုမြို့ပေါ်တွင် စစ်မှုထမ်းရန် နာမည်နှင့်တကွ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စစ်မှုထမ်းရန် နာမည် စာရင်းနှင့်တကွ လိုက်လံရှာဖွေစစ်ဆေးမှုများ ဩဂုတ် ၇ ရက်နေ့မှစတင် လုပ်ဆောင်နေသည်ဟု မြို့ခံအချို့က ပြောသည်။

စစ်မှုထမ်းလူသစ်စုရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက  နာမည်စာရင်းများနှင့်တကွ ကျိုက်ထိုမြို့ရှိ တောင်ပိုင်း၊ မြောက်ပိုင်း၊ ကော့စံနိုင်၊ တောင်သူစု၊ ကံ့ကော်နှင့် ဇေယျာမွန် စသည့် ရပ်ကွက် ၆ ခုလုံးတွင် လိုက်လံ စစ်ဆေးမေးမြန်းရှာဖွေနေသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်ရောရဲရော နာမည်စာရင်းတွေနဲ့ ရပ်ကွက်တွေထဲဝင်ပြီး ဘယ်သူ့သား၊ နာမည်ဘယ်သူရဲ့ အိမ်က ဘယ်နား မှာလဲ။ လူရှိလားဆိုပြီး လိုက်မေးနေတာ။ နာမည်စာရင်းမှာပါတဲ့သူတွေက အများကြီးဆိုတော့ ဖမ်းလို့မရသေးဘူး၊ ဒီနေ့အထိ လိုက်ရှာနေတုန်းပဲ။ ထွက်ပြေးတဲ့သူလည်း ပြေးကုန်ပြီး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ အုပ်ချုပ် ရေးမှူးအချို့က စစ်မှုထမ်းရန် လူသစ်စုဆောင်းခြင်းများ စတင်ပြုလုပ်လာသည့်အတွက် လူငယ်၊ လူရွယ် အများ အပြား နေအိမ်မှခေတ္တရှောင်တိမ်းခဲ့ကြပြီးနောက် ယခုလို ထပ်မံလုပ်ဆောင်ကြခြင်း ဖြစ်သည်ဟု မြို့ခံများက ဆိုသည်။

မွန်ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့(ဗဟို)က သတ်မှတ်ထားသော စစ်မှုထမ်းလူဦးရေ မပြည့်မှီသဖြင့် သတ်မှတ်အသက်အရွယ်အတွင်း အကျုံးဝင်လူငယ်များကို နေအိမ်တွင်းထိ ဝင်ရောက်ဖမ်းဆီးရန် စစ်ကောင်စီက စီစဥ်နေကြောင်း ဒေသတွင်းမီဒီယာများက ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် ဖော်ပြခဲ့ဖူးသည်။

ထို့အပြင် မွန်ပြည်နယ်ရှိ စစ်မှုထမ်း စုဆောင်းခံရသူများအား စစ်ကောင်စီက အများအားဖြင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိအခြေစိုက် အမှတ်-၄ တပ်မတော်တန်းမြှင့် သင်တန်းကျောင်း၌ သင်တန်းပေးနေခြင်း ဖြစ်ပြီး အပတ်စဥ် ၁ နှင့်၂ အထိ၊ လူငယ် ၄၀၀ ဦးဝန်းကျင် စစ်မှုထမ်းရန် စုဆောင်းခံခဲ့ရကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့(BACS)က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလားတူ ဩဂုတ် ၅ ရက်နေ့က အဆိုပါ သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည့် စစ်မှုထမ်းအပတ်စဥ် ၄၊ သင်တန်း ဖွင့်ပွဲ ဓာတ်ပုံမှတ်တမ်းများကို စစ်တပ်သတင်းပြန်ကြားရေးက ထုတ်ပြန်ခဲ့ရာ သင်တန်းတက်ရောက်သူ ဦးရေ ၁၅၀ ခန့် ရှိကြောင်း သိရသည်။

ဖားအံမြို့နယ်တွင်းတစ်နေရာကို တွေ့ရစဉ်။ / CJ
September 22, 2026
ကရင်ပြည်၊ ဖားအံမြို့ပေါ်နှင့် အနီးဝန်းကျင်ဒေသများတွင် ယခုရက်ပိုင်းအတွင်း စစ်အုပ်စုတပ်က ညအချိန်...
ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန - KECD
September 21, 2026
ကော်သူးလေဒေသတွင်း ပညာရေးဆိုင်ရာ မျှော်မှန်းချက်များ အကောင်အထည်ဖော်ရန်နှင့် လိုအပ်သော...
ဓာတ်ပုံ - (ပုံဟောင်း - CJ)
September 21, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့အခြေစိုက် စစ်အုပ်စု၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) နယ်မြေသို့ တော်...
September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...