ကျောက်မဲမြို့ကို TNLA သိမ်းပိုက်

ကျောက်မဲမြို့ကို TNLA သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်ရင်းများကို သိမ်းပိုက်၍ မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)က ယနေ့ (ဩဂုတ် ၆ ရက်)တွင် အလုံးစုံထိန်းချုပ်လိုက်နိုင်ကြောင်း ဒေသခံများက ဆိုသည်။

မြို့အနီးရှိ စစ်ကောင်စီ၏ လက်ကျန်တပ်ရင်းများဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ(၅၀၁)၊ ခမရ(၅၀၂) ဌာနချုပ်နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁ )တို့ ယမန်နေ့ ညသန်းခေါင်ယံတွင် TNLA က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ကြောင်း TNLAနှင့် နီးစပ်သည့် ကျောက်မဲမြို့ခံ အမျိုးသားတဦးက မဇ္ဈိမကို ပြောသည်။

“ ညသန်းခေါင်ထိ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသေးတယ်။ အဲ့ကြားထဲက တပ်ရင်းဌာနချုပ်တွေကို သိမ်းလိုက်နိုင်ပြီ။ မြို့ပေါ်မှာလည်း TNLA အုပ်ချုပ်ရေးယန္တာရား စတင်နေပြီ။ “ဟု ၎င်းက ပြောသည်။

လတ်တလောတွင် TNLAက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိထားကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ထိုလက်ကျန်တပ်ရင်းများကို စစ်ကောင်စီ လက်လွတ်လိုက်ရသောကြောင့် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီး မြို့ကို TNLA က အလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။

ဇူလိူင်လဆန်းကတည်းက ကျောက်မဲမြို့ပေါ်ကို TNLAက ထိန်းချုပ်နိုင်ခဲ့ပြီး လက်ကျန်တပ်ရင်းများကို ပိတ်ဆို့ထားခဲ့စဉ် ဇူလိုင် တတိယ အပတ်တွင် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကူအင်အား ၃၀၀ ကျော် ကျောက်မဲမြို့သို့ စေလွှတ်ခဲ့သော်လည်း စစ်ကူတပ်အားလုံး ချေမှုန်းခံခဲ့ရသည်။

ကျောက်မဲမြို့သည် စစ်ကောင်စီ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ကျောက်မဲခရိုင်တွင် မြို့နယ် ခြောက်မြို့ရှိသည့်အနက် ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့နယ်တို့ကို TNLAက သိမ်းပိုက်ထိန်းချုပ်ထားပြီး သီပေါမြို့နယ်သာ ကျန်ရှိတော့သည်။

ထိုအခြေနေများနှင့် ပတ်သက်၍ TNLAက တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးဘဲ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကိုလည်း ဆက်သွယ်၍ မရရှိသေးပေ။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလိုင်းတွင် TNLAနှင့် ပူးပေါင်းတပ်များက ကျောက်မဲမြို့နယ်နှင့် တဆက်တည်းရှိသည့် မြို့မြောက်ဘက် နောင်ချိုမြို့၊ မြို့တောင်ဘက် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျောက်မဲမြို့သည် TNLA သိမ်းပိုက်လိုက်သည့် မြို့ပေါင်း ၁၁ ခု မြောက် ဖြစ်လာသည်။

September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...