စစ်ကောင်စီတပ်သားများ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရ၍ (၄)ဦး သေဆုံး

စစ်ကောင်စီတပ်သားများ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရ၍ (၄)ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ စီးနင်းလိုက်ပါလာသည့် ကားကို ပြောက်ကျားစနစ်ဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့သောကြောင့် (၄) ဦးသေဆုံးသွားကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)က ယနေ့ နံနက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကားကို ဇူလိုင်လ (၂၂)ရက်နေ့ ညနေ (၃) နာရီအချိန်ခန့်တွင် (YPPDF)နှင့် ဓဝယ်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(DNLA) တပ်ခွဲ(၁)တို့က ပြောက်ကျားစနစ်ဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း (YPPDF)မှ ပြန်ကြားရေးတာဝန်ခံ ဖိုးချောက ယခုလို ပြောသည်။

“ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။ အခုလို တိုက်ခိုက်တာက ကြိုတင် သတင်းရလို့ဆိုတာထက် စစ်ရေးပစ်မှတ်ကို စနစ်တကျရဲဘော်တွေ ကိုယ်တိုင်ထောက်လှမ်းပြီး စွန့်စွန့်စားစား တိုက်ခိုက်ရတာမျိုးပါ။”ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု (၁၅) မိနစ်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ ဘက်မှ (၄)ဦးသေဆုံးကာ (၁)ဦးထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဖိုးချော ကဆက်ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA 3 သေနတ်(၄)လက်၊ ကျည်ဘောက်(၁၂)ခု၊ အီနာဂါသီး(၇)လုံး၊ လက်ပစ်ဗုံး (၄)လုံး၊ ကျည်(၄၀၀)တောင့် နှင့် လက်ကိုင်ဖုန်း(၂)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် မကြာခဏ တိုက်ခိုက်ခံရသောကြောင့် လက်ရှိအချိန်တွင် ရေဖြူ မြို့ပေါ်အတွင်း စစ်ဆေးဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာသောကြောင့် သွားလာရေး ကြပ်တည်း လာကြောင်းလည်း ရေဖြူ ဒေသခံများက ပြောဆိုသည်။

ရေဖြူမြို့တွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၄၀၈)တပ်ရင်းနှင့် (ခမရ-၄၀၉) တပ်ရင်းများက အဓိက စစ်ရေးလှုပ်ရှားနေပြီး မြို့တွင်း ကင်းလှည့်ခြင်း၊ စစ်ဆေးရေးဂိတ်ချခြင်းနှင့် ဘုရားကုန်းများပေါ်တွင် တပ်စွဲနေရာယူခြင်းများကို လုပ်ဆောင်လေ့ရှိကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ထုတ် ပြန်ချက်များအရ သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...