မြစ်ကြီးနားမြို့က မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေမကျသေးတာကြောင့် အိမ်ခြေ ၆၀၀ နီးပါး ရေဘေးသင့်နေဆဲ

မြစ်ကြီးနားမြို့က မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေမကျသေးတာကြောင့် အိမ်ခြေ ၆၀၀ နီးပါး ရေဘေးသင့်နေဆဲ

မြစ်ကြီးနားမြို့က မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေမကျသေးဘဲ ရေဝပ်နေသေးတာကြောင့် အိမ်ခြေ ၆၀၀ နီးပါး ရေဘေးသင့်နေဆဲဖြစ်တယ်လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

မြို့ပေါ်ရေကြီးရေလျှံ ဖြစ်ပြီးတဲ့နောက် တခြားရပ်ကွက်ကျေးရွာတွေမှာ ရေကျသွားပေမဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ မိုးတွင်းဖြစ်တဲ့အတွက် ရေကျမသွားဘဲ တစ်ချို့ကတော့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရဆဲ ဖြစ်တယ်လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ဒီမိုးတွင်းတစ်တွင်းလုံးတော့ သူတို့အတွက်(မြေနိမ့်ပိုင်းနေသူတွေ) သနားစရာတော့ ဟုတ်နေတယ်။ သူတို့က ရေကြီးလိုက်၊ရေဝင်လိုက်၊ထွက်ပြေးလိုက်နဲ့။”လို့ အထက်ပါအမျိုးသားတစ်ဦးက ပြောပါတယ်။

မိုးတွင်းကာလ မြစ်ကြီးနားမြို့က မြေနိမ့်ရပ်ကွက်တွေမှာ ရေဝပ်လေ့ရှိပြီး ရေကျသွားတာမြန်ပေမဲ့ လတ်တလော ဧရာဝတီမြစ်ရေ ကြီးတဲ့အချိန် ရေတွေကို မြေကြီးကစုပ်ယူထားတာကြောင့် ရေကျဖို့ အချိန်ကြန့်ကြာနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရေကျသွားတဲ့ တချို့မြေနိမ့်ရပ်ကွက်က ပြည်သူတွေကတော့ နေအိမ်ပြန်နေကြပြီး ရေထွက်ဖို့လမ်းကြောင်းမရှိတဲ့ ရေဝပ်ရပ်ကွက်နေ ပြည်သူတွေကတော့ မပြန်နိုင်သေးဘူလို့လည်း နောက်ထပ် ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေသူ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ကြက်ပေါင်ခြံအနိမ့်ပိုင်းက ဒူးလောက် ရေဝပ်နေတယ်။ ကျွန်တော်ထင်တာတော့ မြစ်ရေတော့ မဟုတ်တော့ဘူး။ မြောင်းပိတ်တွေပေါ့၊  ရေမစီးနိုင်တော့တဲ့ နေရာတွေမှာ ရေကျန်နေခဲ့တာ။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

မိုးတွင်းကာလလည်း ဖြစ်တဲ့အတွက် ရာသီတုပ်ကွေးတွေနဲ့ ဝမ်းပျက်ဝမ်းလျှောတာ ရှိနေပြီး ဆေးဝါးတွေနဲ့ အစားအသောက်တွေ အဓိကလိုအပ်နေသေးတယ်လို့လည်း သိရပါတယ်။

မြေနိမ့်ရပ်ကွက်တွေ ဖြစ်တဲ့ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်း၊ပေါ်ဦးနဲ့ တခြားမြေနိမ့်ရပ်ကွက်တွေမှာ ရေဝပ်နေသေးတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ ညပိုင်းကနေ မြစ်ကြီးနားမြစ်ရေ တက်လာခဲ့တာဖြစ်ပြီး စိုးရိမ်ရေမှတ် ၁,၂၀၀ စင်တီမီတာကို ကျော်လွန်ပြီး ၁,၄၀၆ စင်တီမီတာအထိ ရောက်ရှိခဲ့တာကြောင့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်အများစုနဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဘေးသင့်ခဲ့ရတာဖြစ်ပါတယ်။

June 29, 2026
ကချင်ပြည်နယ်မှာ စစ်အုပ်စုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူဟာ အယောက် ၆,၀၀၀ ကျော်ရှိတယ်လို့...
June 25, 2026
အာဏာသိမ်းစစ်တပ်နဲ့ သတင်းပေးတာ၊ သတင်းယူတာအပြင် သူလျှို(ဒလန်)တွေ မပြုလုပ်ကြဖို့...
June 24, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်သင်ကြားနေတဲ့...
Photo Credit- Original Owner
June 23, 2026
ဖားကန့်ကျောက်စိမ်းတွင်ဒေသမှာ ရေကြီးရေလျှံမှုဒဏ်နဲ့ ကြုံတွေ့နေရပြီး ရေဘေးသင့်ပြည်သူတွေအပြင်...