အမည်မည်းစာရင်းဖြေလျှော့ပြီး ပြန်ခေါ်မှုထဲ ပါဝင်သွားမှာမဟုတ်ဘူးလို့ မိုးညှင်းမြို့နယ်က CDM ဝန်ထမ်းတချို့ဆို

အမည်မည်းစာရင်းဖြေလျှော့ပြီး ပြန်ခေါ်မှုထဲ ပါဝင်သွားမှာမဟုတ်ဘူးလို့ မိုးညှင်းမြို့နယ်က CDM ဝန်ထမ်းတချို့ဆို

နိုင်ငံအတွင်းရှိ အစိုးရဌာနအသီးသီးကနေ  အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ပြုလုပ်သွားခဲ့တဲ့ ဝန်ထမ်းတွေကို အမည်မည်းစာရင်း(Black list) ဖြေလျှော့ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က  ဇူလိုင်လ(၁၂)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒီလိုအမည်မည်းစာရင်းဖြေလျှော့ပြီး အလုပ်ပြန်လည်ဝင်ရောက်ထမ်းဆောင်မှုထဲ ပါဝင်တောင်းဆိုသွားမှာမဟုတ်ဘူးလို့  မိုးညှင်းမြို့နယ်အတွင်းက ကျန်းမာရေးဌာနကနေ CDM ပြုလုပ်ခဲ့သူတစ်ဦးက ဆိုပါတယ်။

"ညီမတို့ရဲ့ (Position)ပိုဇေရှင်နေရာတွေမှာ တစ်ခြားသူတွေကိုအစားထိုး ပြန်ချထားပြီးပြီလေ  သူတို့ခေါ်လည်း အလုပ်ပြန်မဝင်ပါဘူး ပြန်မဝင်ချင်တာက ရှင်းရှင်းလေးပါပဲ ဒီအစိုးရကိုမကြိုက်လို့ ဆန့်ကျင်ပြီး CDM လုပ်ခဲ့တာပဲလေ  ပယ်ဖျက်ပေးဖို့ကိုလည်း သွားပြီးတော့လည်းအကြောင်းမကြားပါဘူး ဘယ်လိုပဲပြောပြော" လို့ သူကပြောပါတယ်။   

စစ်ကောင်စီဘက်ကတော့ CDM ပြုလုပ်သွားရတဲ့ အကြောင်းအရာပေါ်မူတည်ပြီး အမည်မည်းစာရင်းကို ဖြေလျှော့ပေးကာ ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် လုပ်ဆောင်ပေးသွားမှာလို့ ပြောဆိုထားတာပါ။

ဖြေလျှော့ပေးဖို့တောင်းဆိုကြရန်အတွက်  ယမန်နေ့ဇူလိုင်လ(၁၅)ရက်နေ့ကနေပြီး  မိမိတို့ယခင်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရုံးဌာနကိုဖြစ်စေ၊ နီးစပ်ရာအစိုးရဌာနအသီးသီးမှာဖြစ်စေ သတင်းပေးပို့တောင်းဆိုနိုင်တယ်လို့ သိရပါတယ်။

ဒီနေ့အထိကတော့ မိုးညှင်းမြို့နယ်အတွင်းမှာ အမည်မည်းစာရင်းပယ်ဖျက်ပြီး လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ဖို့ လာရောက်တောင်းဆိုတဲ့ CDM ဝန်ထမ်းများမရှိသေးဘူးလို့လည်း မိုးညှင်းမြို့၊ စုပေါင်းရုံးက မှ တာဝန်ရှိသူ တစ်ဦးဆီကနေသိရှိရပါတယ်။

CDM ပြုလုပ်ထားတဲ့ စာရင်းများအရ ကျန်းမာရေးဝန်ထမ်းလေးသောင်းငါးထောင်ကျော်ရှိတယ်လို့ ဇူလိုင်ထဲ ပြုလုပ်တဲ့ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

May 8, 2026
မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို စစ်တပ်က အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မေလ ၆...
May 7, 2026
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG တို့ သိမ်းပိုက်ထားတဲ့မြို့တွေ...
May 6, 2026
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းက မော်လူးမြို့ကို စစ်တပ်တွေက မေလ ၅ ရက်နေ့မှာ...
ချီဖွေငယ်ရေအားလျှပ်စစ်ကိုတွေ့ရစဉ်/Credit
May 4, 2026
ချီဖွေငယ်ရေအားလျှပ်စစ်ကို ပြန်လည်ပြုပြင်နေတာပြီးစီးသွားပေမယ့် မြစ်ကြီးနားမြို့...