ဖားဆောင်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းအသုံးပြုတိုက်ခိုက် ၊ အဆိပ်ငွေ့များအသုံးပြုခဲ့ကြောင်း ဆို

ဖားဆောင်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းအသုံးပြုတိုက်ခိုက် ၊ အဆိပ်ငွေ့များအသုံးပြုခဲ့ကြောင်း ဆို

ကရင်နီပြည်၊ ဖားဆောင်းမြို့ပေါ်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး ယမန့်နေ့မှာတော့ စစ်ကောင်စီဖက်က လေကြောင်းအသုံးပြု တိုက်ခိုက်ရတဲ့အထိ တိုက်ပွဲတွေပြင်းထန်ခဲ့သလို၊ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးတွေကိုပါ အသုံးပြုခဲ့တယ်လို့ ကရင်နီပြည် တပ်မတော် (KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာဟုတ်တယ် မှန်တယ်။ ထိခိုက်မှုကျဆုံးမှုကတော့ ရှိတယ် နှစ်ဦးနှစ်ဖက်ရှိတယ်။ လေကြောင်းသုံးလို့ပဲ ကျနော်တို့ ကလေးတွေက ထိခိုက်များတာလား အဆိပ်ငွေ့ပါတာလား အဲ့လိုပြောတယ်လေ။ ဒါပေမဲ့ မသေချာသေးဘူးလေ။ အဆိပ်အငွေ့အများကြီးပါလို့ ကျနော်တို့ လူတွေက ဒုက္ခဖြစ်ကြတယ်ပြောတာပဲ”လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ မနက် ၅နာရီမှာ တော်လှန်ရေးတပ်ဖွဲ့ကနေ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဖက်က တပ်ရင်း ၅ရင်း ပူးပေါင်းပြီး တိုက်ခိုက်တာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

“အဲ့ဒီမှာ ဖားဆောင်းအခြေစိုက်တပ်ရင်းက ခလရ ၁၃၄၊ ခလရ ၁၃၅၊ နောက်ပြီး ဖရူဆို အခြေစိုက်တဲ့ ခမရ ၅၃၁ ပေါ့။ ပြီးတော့မှ တပ်မ ၆၆က ခလရ ၁ နဲ့ ခလရ ၁၄ အဲ့ဒီမှာ ပူးပေါင်းနေတယ်”လို့ ဗိုလ်မှူးကြီးဘုန်းနိုင် က ဆိုပါတယ်။

ဖားဆောင်းမြို့ပေါ်မှာ စစ်ကောင်စီအခြေစိုက် ခလရ ၁၃၄ နဲ့ ခလရ ၁၃၅ သာကျန်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်က သိမ်းယူဖို့ ကြိုးစားနေဆဲဖြစ်သလို ခလရ ၁၃၅ တပ်ရင်း နယ်မြေအတွင်းမှာရှိတဲ့ ကာကင်းစခန်းကိုတော့ ပြီးခဲ့တဲ့ မေလ(၁၃) ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖက်က သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဖားဆောင်းမြို့တိုက်ပွဲဟာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးထိမှန်မှုကြောင့် မြို့ပေါ်နေအိမ်အများစုဟာ မီးလောင်ပျက်စီးခဲ့ရပါတယ်။

မြို့နေလူထုအားလုံးကတော့ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

လက်ရှိအချိန်ထိ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်း နှစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတာ အခုဆိုရင် ၅လဝန်းကျင် ကြာမြှင့်နေပြီဖြစ်ပါတယ်။

ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...
April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...
April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...