ဖားကန့်မြို့နယ် ပြည်သူများ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ငှက်ဖျားရောဂါအဖြစ်များနေ

ဖားကန့်မြို့နယ် ပြည်သူများ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ငှက်ဖျားရောဂါအဖြစ်များနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဥရုချောင်းရေကြီးရေလျှံပြီးနောက်ပိုင်း ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါအဖြစ်များနေတယ်လို့ ဖားကန့် မြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။

ဖားကန့်မြို့နယ်ထဲက ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊  ဝှေခါ၊  မမုံ၊ ဖားပြင်၊ ဆိုင်းနွယ်၊ ရှရော်ခ စတဲ့ကျေးရွာတွေမှာ လူဦးရေ ၁၀၀ မှာ ၅၀ ရာခိုင်နှုန်းကျော် ဝမ်းပျက်၊ဝမ်းလျှောနဲ့ရာသီတုပ်ကွေး၊ငှက်ဖျားဖြစ်နေကြတယ်လို့  ဖားကန့် ဒေသခံတွေက KNG ကိုပြောပါတယ်။

“ခါတိုင်းအဖျားက ဒီလောက်မရှိဘူး ခါတိုင်းဖျားတယ်ဆိုတဲ့သူရှားတယ်  တစ်ရာမှာတစ်ယောက်နှစ်ယောက်လောက်ဘဲ။ အခုက တစ်ရာမှာအယောက် ၅၀ကျော်ဖျားကြတယ်။ ဖျားပြီဆိုရင်လည်း ၅ ရက်လောက်တော့ကြာတယ်”လို့ ဖားကန့်မြို့က ရေဘေးကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

လက်ရှိချိန်ထိ ဖျားနာသူတွေများပေမယ့် ထိခိုက်သေဆုံးသူတွေတော့မရှိသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် ခုလို မိုးရာသီရောက်တိုင်း ဝမ်းပျက်၊ဝမ်းလျှေ၊တုပ်ကွေး၊ငှက်ဖျားရောအဖြစ်များတာဟာ ကျောက်စိမ်းနဲ့ ရွှေလုပ်ကွက်ဟောင်းအပြင် ရေဝပ်တဲ့နေရာတွေမှာ ခြင်ပေါက်ဖွားပြီး အဲဒီခြင်ကိုက်ရာကနေတစ်ဆင့်  တုပ်ကွေး၊ငှက်ဖျားဖြစ်တာလို့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ဒါကြောင့် ဝမ်းပျက်၊ဝမ်းလျှော၊တုပ်ကွေး၊ငှက်ဖျားဖြစ်သူတွေအနေနဲ့ ဆေးမှီတိုနဲ့ကုသခြင်းမဟုတ်ဘဲ သက်ဆိုင်ရာဆရာဝန်တွေနဲ့ဆေးခန်းသေချာပြသင့်တယ်လို့လည်း ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“အဓိကတော့ ပိုးလောက်လောင်းတွေကို နှိမ်နှင်းရမှာပေါ့ ရေတွင်းရေကန်တွေမှာ ပိုးသေစေနိုင်တဲ့ ကလိုရင်းဆေးရည်တွေကို ရေနဲ့ချိန်ဆပြီးထည့်ပေးတာမျိုးပေါ့ တကယ်လို့ ဘယ်လိုမှ နှိမ်နှင်းလို့ မရတော့ဘူးဆိုရင် ခြင်အကိုက်မခံရအောင် ခြင်ထောင်ပြီးအိပ်တာတို့ အလုပ်လုပ်တဲ့အချိန် လက်ရှည်တွေဝတ်ပြီး လုပ်တာမျိုးလုပ်ဆောင်သင့်တယ်”လို့ ပြောပါတယ်။

လတ်တလော အဖြစ်များနေတဲ့ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ဆိုရင်လည်း ခြင်ကတစ်ဆင့် ကူးစက်တာဖြစ်ပြီး နေ့လည်ကိုက်တဲ့ခြင်က တုပ်ကွေးဖြစ်နိုင်ပြီး ညကိုက်တဲ့ ခြင်က ငှက်ဖျားရောဂါကို ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။

ဒါ့အပြင် ဥရုချောင်းရေကြီးရေလျှံဖြစ်ခဲ့တဲ့နောက် မသန့်ရှင်းတဲ့ရေတွေကြောင့်လည်း ဝမ်းပျက်၊ဝမ်းလျှောဖြစ်ကြတာလို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။

လက်ရှိဖားကန့်မြို့နယ်မှာ နိုင်ငံရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေသာမက ဆေးဝါးတွေလည်း သာမန်ထက် ဈေး ၂ ဆ ၃ ဆလောက် စျေးမြင့်တက်နေတယ်လို့ ဖားကန့်ဒေသခံတွေက ဆိုပါတယ်။

ဖားကန့်မြို့နယ်ဟာ စတုရန်းမိုင် ၂၂၃၈.၈၇ ကျယ်ဝန်းပြီး မြို့နယ်(၁)ခု၊ မြို့(၁)မြို့၊ ရပ်ကွက် ၆ခု၊ ကျေးရွာအုပ်စု ၁၅ခုနဲ့ ကျေးရွာ ၅၄ခုထိရှိတဲ့ မြို့ဘဲ ဖြစ်ပါတယ်။ဒါအပြင် မြန်မာနိုင်ငံ ပြန်ကြားရေးဌာကရဲ့ ၂၀၁၉ သန်းခေါင်စာရင်းအရ လူဦးရေ ၁၃၃၈၁၅ဦးထိရှိတဲ့ မြို့ နယ် ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...
ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...