လားရှိုးမှာ လက်နက်ကြီးကြောင့် မိသားစုဝင် ၅ ဦးသေဆုံး

လားရှိုးမှာ လက်နက်ကြီးကြောင့် မိသားစုဝင် ၅ ဦးသေဆုံး

ရှမ်းမြောက် လားရှိုးမြို့အနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်အကြား တိုက်ပွဲပြင်းထန်နေပြီး လူနေရပ်ကွက်ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် မိသားစု ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇူလိုင် ၃ ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်မှာ လားရှိုးမြို့ ရပ်ကွက်(၁)ဗျူဟာလမ်းထဲက နေအိမ်တစ်အိမ်ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် အမျိုးသမီး ၂ ဦး၊ ကလေး ၁ ဦး၊ အမျိုးသား ၂ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ရတယ်လို့ အိမ်နီးချင်းက ဒေသခံတွေဆီကနေ သိရပါတယ်။

“လက်နက်ကြီးသံတွေပဲ ကြားနေရတယ်။ ဒီမနက်တော့ ဘယ်ကပစ်လိုက်တဲ့လက်နက်ကြီးလည်း မသိဘူး အိမ်တစ်အိမ်မှာလာကျပြီး မိသားစု ၅ ဦးသေဆုံးသွားတာ။ လက်နက်သံတွေ ဆိုးဆိုးရွားရွားမြည်လာတော့ အိမ်နဲ့လည်းအရမ်းနီးတာနဲ့ ကျမတို့လည်း ကတုတ်ကျင်းထဲပဲပြေးဝင်နေချိန် အိမ်နားကပဲ အဲလိုဖြစ်သွားတာ။” လို့ အနီးနားရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

သေဆုံးသွားသူ မိသားစုမှာ မုဆိုးမဖြစ်သူ ဒေါ်မခေါ်မာဂျီနဲ့ သားကြိီးဇနီးမောင်နှံ ၂ ဦး၊ သားငယ်တစ်ဦး၊ အိမ်မှာကျောင်းလာတက်ရင်းနေနေတဲ့ ကလေးတစ်ဦး ၊  စုစုပေါင်း ၅ ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မိသားစုထဲမှာ ကလေး ၂ ဦးလွတ်မြောက်ပြီး တစ်ဦးကနို့စို့အရွယ်ကလေးငယ်ဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းကိုတော့ အသင်းတော်အဖွဲ့အစည်းက ဘုရားကျောင်းကိုသွားရောက်သယ်သွားခဲ့ပေမယ့် အလောင်းကိုစစ်ဆေးရမယ်လို့ဆိုကာ လူမှုကူညီရေးအသင်းပြန်လာသယ်ယူပြီး လက်ရှိရင်ကွဲရုံကိုပြန်ပို့ထားတယ်လို့ သိရပါတယ်။

လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေအကြား မနေ့ည သန်းခေါင်ချိန်ကစပြီး တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတာဖြစ်တယ်လို့ဆိုပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ဘက်က လားရှိုးမြို့ပတ်ပတ်လည်ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ဘက်ကလည်း လားရှိုးမြို့ထဲကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။

“အခု ပြေးမယ်ဆိုလည်း ဘယ်ကိုပြေးရမှန်းမသိနေဘူး။ ဘာကြောင့်ဆို ကွတ်ခိုင်ဘက်လမ်းလည်း တူးဖော်ဖြတ်တောက်ထားတယ်။ တန့်ယန်းလမ်းတစ်ခုပဲပေါက်တာလည်း ဒီမနက်ကပဲ တံတားထိထားတယ်ကြားတယ်။ မြို့အပြင်ထွက်ဖို့ လမ်းမတွေ့တော့ဘူး။ အခုလောလောဆယ်က ကိုယ့်အိမ်ဝင်းထဲက ကတုတ်ကျင်းတွေမှာပဲ ခိုလှုံနေကြရတယ်။”လို့ လားရှိုးဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ကျော်လောက်ကစပြီး လားရှိုးမြို့အနီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေကြား စစ်ရေးတင်းမာလာတာဖြစ်ပြီး စစ်တပ်ဘက်က လားရှိုးမြို့ကို ဝင်တဲ့အထက်ပိုင်းလမ်းကြောင်းအားလုံးကို ဘတ်ဖိုးနဲ့တူးကာ လမ်းတွေဖြတ်တောက်လိုက်တာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးပြီးနောက် တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေအကြား အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာပဲ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်က ညီနောင်မဟာမိတ်တွေရှိတဲ့ဘက်ကို လက်နက်ကြီးအပါအဝင်လေကြောင်းနဲ့အကြိမ်ကြိမ်လာရောက်ပစ်ခတ်တာတွေ ပြုလုပ်တာကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းတစ်ဖန်ပြန်လည် စတင်နေတာဖြစ်ပါတယ်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...