မွန်ပြည်နယ်မှာ ရာသီတုပ်ကွေး ကူးစက်မှုမြင့်တက်နေ

မွန်ပြည်နယ်မှာ ရာသီတုပ်ကွေး ကူးစက်မှုမြင့်တက်နေ

မွန်ပြည်နယ်မှာ အခုနှစ်မိုးတွင်းကာလဖြစ်တဲ့ ဇွန်လကစပြီး အသက်ရှုလမ်းကြောင်းကတဆင့် ကူးစက်မှုရောဂါ ဖြစ်တဲ့ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာတယ်လို့ ဆရာဝန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရာသီတုပ်ကွေးရောဂါ ကူးစက်မှု များလာတာကြောင့် ဆေးရုံ ဆေးခန်းတွေမှာ လာရောက်ကုသသူတွေ ပိုမိုများ ပြားလာပြီး ဖြစ်ပွားသူတွေထဲမှာ ကလေးငယ်၊ သက်ကြီးပိုင်းတွေအပြင် လူလတ်ပိုင်းတွေမှာ ရောဂါကူးစက်မှု တွေ ရှိနေတာပါ။

ဆရာဝန်တွေရဲ့ ပြောပြချက်အရ ဖျားနာသူအယောက် ၁၀၀ လျှင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ အယောက် ၉၀ ကျော် ရှိနေပြီး ရောဂါဖြစ်ပွားမှုအရ ထူးခြားစွာ ဖြစ်ပွားတဲ့ နှစ်တစ်နှစ်အဖြစ် မှတ်ချက်ပြုကြပါတယ်။

ရာသီတုပ်ကွေးရောဂါဟာ ရောဂါဖြစ်ပွားပါက ၃/၄ ရက်လောက် ဖျားနာတာ၊ နှာစေးချောင်းဆိုးတာ၊ ကိုယ်လက် ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ အစားသောက်ပျက်တာတွေ ဖြစ်ပေါ်စေပါတယ်။

မွန်ပြည်နယ်မှာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေနဲ့ ပတ်သက်ပြီး အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက အခုလို မှတ်ချက်ပြုပါတယ်။

“လူ ၁၀၀ မှာ ၉၀ က တုပ်ကွေးကြီးပဲ။ အဓိက အဖြစ်များနေတာတော့ ရိုးရိုးတုပ်ကွေးတွေပဲ အဖြစ်များ‌နေ တယ်။ ရာသီတုပ်ကွေးတွေဆိုတာကလည်း တစ်နှစ်တစ်မျိုး အသစ်ဖြစ်နေတဲ့ အသွင်းပြောင်းလာတဲ့ ဗိုင်းရပ်စ် တွေကြောင့် ဖြစ်တာပေါ့။ သူက ရိုးရိုးတုပ်ကွေးလို့ ခေါ်တာပေါ့။ ရာသီတုပ်ကွေးပေါ့ အဲဒီလိုမျိုး။ ကိုဗစ်လိုပဲ ချောင်းဆိုးနှာစေး တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှု နီးစပ်ရာကနေ တစ်ဆင့်ကူးတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါပေါ့ ”လို့ သူကပြောပါတယ်။

ရာသီတုပ်ကွေးရောဂါဟာ ရောဂါပြင်းထန်ပါက အဖျားကြီးတာ၊ ချောင်းအလွန်ဆိုးတာ၊ အသက်ရှုရခက်ခဲတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ဂနာမငြိမ်ဖြစ်တာ၊ သတိလစ်တာတို့ ဖြစ်ပွားတတ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

ဆရာဝန်တွေကတော့ ရောဂါတုပ်ကွေး ကူးစက်မှု မြင့်တက်နေတဲ့အတွက် ပွဲလမ်းသဘင်တွေ ရှောင်ကျဉ်တာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့နဲ့ ရောဂါဖြစ်ပွားသူတွေအနေနဲ့ နှာစေးချောင်းဆိုပါက လက် ကိုင်ပုဝါ ဖုံးအုပ်ကြဖို့ တိုက်တွန်းတာပါ။

ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...
June 30, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ...
June 29, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက်...
ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...