ကယားပြည်နယ်တွင်းရှိ ကိုယ်စားလှယ်လောင်များ ဝင်ရောက်ယှဉ်ပြိုင်ရန် မဲဆန္ဒနယ်ခွဲဝေရာတွင် အဆင်ပြေမှုများမရှိဘဲ သဘော ထားကွဲပြာမှုများရှိနေကြောင်း၊ ရွေးကောက်ပွဲဝင်ရာတွင် ကယန်း အမျိုးသားပါတီမှ ကိုယ်စာလှယ် လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ရန် မဲဆန္ဒနယ်များ တောင်ဆိုသည့် အပေါ် ကျန်ပါတီများမှ လက်မခံဘဲ ညှိနှိုင်း၍ မရသောကြောင့် နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဦးနန်းရီက ပြောပါသည်။
“အဓိကအကြောင်းရင်းက မဲဆန္ဒနယ် ညှိလို့ မရတာပေါ့။ မဟာမိတ်ဖွဲ့တာက ပြည်နယ်ရဲ့ ညီညွတ်ဖို့၊ နိုင်ငံရေးကို ပူးပေါင်းပြီးဆောင်ရွက်ဖို့နဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အသီးသီးမပြိုင်ဘဲနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေကို ဝင်ပြီးညှိနှိုင်းပြီးတော့မှ ခွဲဝေပြီးတော့ ဝင်မယ်လို့ သဘောထား ရှိခဲ့တယ်လေ။ ဒါပေမယ့် မဲဆန္ဒနယ်ကို ညှိတဲ့ခါကျတော့ သူတို့ လက်မခံနိုင်တဲ့ခါကျတော့ မဟာမိတ်က ကျနော်တို့ ပျက်ပြယ်သွားတယ်လို့ ပြီးခဲ့တာ ၁၄ရက်နေ့က ဆုံးဖြက်လိုက်တယ်ပေါ့လေ”ဟု ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။
ကယန်းအမျိုးသားပါတီအနေဖြင့် သုံးပါတီ မဟာမိတ်ထဲမှာ နုတ်ထွက်သည်ဆိုခြင်းမှာ တစ်ဦးတစ်ယောက်၏ သဘောထား ဆန္ဒဖြစ်နိုင်ကြောင်းနှင့် လာမည့် သုံးပါတီ မဟာမိတ် အစည်းဝေးတွင် ထပ်မံတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကယန်း အမျိုးသားပါတီအနေဖြင့် မဟာမိတ်ထဲမှ နုတ်ထွက်ရန် တောင်းဆိုလာပါကလည်း ပါတီ၏ လွတ်လပ်ခွင့်ကို တားမြစ်မည် မဟုတ်ကြောင်း ကယားလူမျိုးစု ဒီမိုကရေစီပါတီ ဥက္ကဌ ဦးဒယ်နီယာက ပြောသည်။
“ကျနော်ပြောချင်တာက နိုင်ငံရေးပါတီလုပ်တယ်ဆိုရင် တကယ်ပါတီရဲ့သဘောထားလာ တစ်ဦးတစ်ယောက်ရဲ့ သဘောထားလာဆိုတာကို စဉ်းစားဖို့လိုတယ်။ ပါတီရဲ့လွတ်လပ်ခွင့်ကိုတော့ ကျနော်တို့ မတားပါဘူး။ ဒါပေမယ့် ဘာကြောင့်လဲဆိုတာတော့ ရှိရမှာပေါ့။ တစ်ဦးတစ်ယောက်ရဲ့ ပြောဆိုတဲ့အရာကိုတော့ ကျနော်တို့ အဓိကမထားပါဘူး”ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
သုံးပါတီမဟာမိတ်ထဲမှ နုတ်ထွက်မည်ဆိုသော်လည်း ပြည်နယ်၏ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကိုဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဦးနန်းရီက ဆက်ပြောသည်။
“ကျနော်တို့ တခြားကိစ္စကတော့ ကယားပြည်နယ်ရေးကတော့ လိုအပ်ရင်လိုအပ်သလို ကျနော်တို့က သူတို့ပူးပေါင်းဆောင်ရွက်စရာ ရှိရင်တော့ လုပ်မှာပေါ့လေ။ ဒါပေမယ့် မဟာမိတ်ဆိုတာကတော့ ညှိနှိုင်းလို့ မရလို့ ပျက်ပြယ်သွားပြီးလို့ ဆုံးဖြက်လိုက်တယ်”ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
ကယားပြည်နယ် မဟာမိတ်တိုင်းရင်းသားပါတီ သုံးပါတီထဲမှ ကယန်းအမျိုးသားပါတီ အနေဖြင့် နုတ်ထွက်မည့်ကိစ္စအား လက်ရှိနုတ်အားဖြင့် ပြောဆိုသဘောတူထားပြီဖြစ်ပြီး ပါတီအနေဖြင့် လာမည့် ၂၅ ရက်နေ့ ဆွေးနွေးပွဲတရားဝင် ပြောကြားသွား မည်ဖြစ်ကြောင်း ဦးနန်းရီကပြောသည်။
မဟာမိတ်ပါတီများဖြစ်ကြသော ကယားလူမျိုးစုဒီမိုကရေစီပါတီ၊ ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်) ထိုသုံးပါသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့တွင် ပူးပေါင်း၍ မဟာမိတ်ဖွဲ့ခဲ့ခြင်းဖြစ်သည်။
လွတ်လပ်မျှတမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြစ်ထွန်းရေး၊ လူထု ကိုယ်စားလှယ်အား လွတ်လပ်၍ မျှတစွာ ရွေးချယ်တင်မြောက်နိုင်ရေး၊ ပြည်နယ်အစိုးရ ပေါ်ပေါက်လာ ရေး၊ ရွေးကောက်ပွဲအောင်နိုင်ရေး စတဲ့ရည်ရွယ်ချက်များဖြင့် မဟာမိတ် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။







