နောင်းမီကျေးရွာအတွင်း ငှက်ဖျားပိုးတွေ့ရှိသူ တစ်နေ့ထက်တစ်နေ့ တိုးလာနေပြီး အယောက် ၁၀၀ ထက်မနည်း ရှိလာ

နောင်းမီကျေးရွာအတွင်း ငှက်ဖျားပိုးတွေ့ရှိသူ တစ်နေ့ထက်တစ်နေ့ တိုးလာနေပြီး အယောက် ၁၀၀ ထက်မနည်း ရှိလာ

ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်း လီဒိုလမ်းပေါ်မှာရှိတဲ့ နောင်းမီကျေးရွာအတွင်း ငှက်ဖျားပိုးတွေ့ရှိသူ တစ်နေ့ထက်တစ်နေ့ တိုးလာနေပြီး ပိုးစစ်‌ဆေးတွေ့ရှိသူ အယောက်တစ်ရာထက်မနည်း ရှိတယ်လို့ သိရပါတယ်။

သက်ကြီးပိုင်းအရွယ်တွေ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း ပိုများနေပြီး ဖျားနာနေသူ ၁၀ ဦးကို ဆေးစစ်လိုက်ချိန် ၆ ဦးလောက်မှာတော့ ငှက်ဖျားပိုးတွေ့ရှိတဲ့ အခြေအနေ ဖြစ်နေတယ်လို့ နောင်းမီဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“အရင်က ငှက်ဖျားဖြစ်ရင် ချမ်းဖျားဖျားတာပေါ့။ ခုက မချမ်းရင်လည်း ဖျားချင်သလိုသလိုနဲ့ အလုပ်တော့ လုပ်နိုင်တယ်။ အကောင်းအတိုင်းပဲ စစ်ကြည့်ရင်တော့ ပိုးပြန်တွေ့တာ။ ကိုယ်ပူ၊ ကိုက်ခဲတာတွေ ဖြစ်တယ်“လို့ ဒေသခံက ပြောပါတယ်။

ဇွန်လဆန်း မိုးရာသီအဝင်ကနေစပြီး အခုလို ရွာအတွင်းဖျားနာသူတွေ ပိုများလာတဲ့အပြင် ဇွန်လအတွင်းမှာပဲ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးဟာလည်း ဖျားနာပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“လူကြီးတွေ အဖြစ်များတာ။ ၁၂ အရွယ်ကလေးတစ်ဦးကတော့ ကိုယ်ပူဖျားနာပြီး ဆုံးသွားတာတော့ ရှိတယ်။ “လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

မိုးရာသီအချိန်အခါ ခြင်ပေါက်ဖွားမှုနှုန်း များနေပေမဲ့ သက်ဆိုင်ရာကနေ ခြင်ဆေးဖျန်းတဲ့ အစီအစဉ်တွေ လုပ်ဆောင်တာမရှိသေးသလို နောင်းမီကျေးရွာအတွင်း ခြင်ဆေးဖျန်းတာတွေ ရပ်တန့်သွားတာ နှစ်နဲ့ ချီနေပြီလို့ ဆိုပါတယ်။

လက်ရှိအချိန် ဖျားနာသူတွေဟာ ရွာအတွင်းက ကျန်းမာရေးဝန်ထမ်းတွေဆီမှာ ဆေးကုသခံယူနေကြတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတစ်ဦးဆီ ငှက်ဖျားပိုးစစ်ဆေးတွေ့ရှိထားသူ အယောက် ၉၀ ထက်မနည်း ရှိနေပြီဖြစ်တဲ့အပြင် တစ်ခြား ကျန်းမာရေးဝန်ထမ်းတွေဆီ ပိုးတွေ့ရှိထားသူတွေပါ ပေါင်းရင် နောင်းမီကျေးရွာအတွင်း ငှက်ဖျားပိုးတွေ့ရှိမှုနှုန်းဟာ ရာဂဏာန်းလောက်ရှိနိုင်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အရင်နှစ် ဇူလိုင်လအတွင်းကလည်း အထက်ပါ ကျေးရွာအတွင်း ရာသီပေါ်တုပ်ကွေးနဲ့ ငှက်ဖျား‌ ရောဂါ ဖြစ်သူတွေ ရာဂဏာန်းလောက်အထိရှိခဲ့ပြီး အခုနှစ်မှာတော့ အရင်နှစ်ကထက် ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း ပိုးတိုးလာနေတာကို တွေ့ရှိရတယ်လို့ ပြောပါတယ်။

နောင်းမီးကျေးရွာအတွင်း အိမ်ခြေ ၈၀၀ ကျော်လောက်ရှိပြီး လူဦးရေ လေးထောင်ကျော် နေထိုင်တယ်လို့လည်း သိရှိရပါတယ်။

June 11, 2026
မြန်မာမှာ ကက်သလစ် သာသနာပိုင်နယ်မြေ ၁၇ ခု ရှိတဲ့အနက် နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေဟာ...
June 10, 2026
ဇွန် ၉ ရက်ဟာ ကချင်ဒေသမှာ တစ်ကျော့ပြန်စစ်ပွဲဖြစ်ခဲ့တာ ၁၅ နှစ်တိတိပြည့်တဲ့နေ့ပါ။...
June 9, 2026
ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးအားလုံးကို ဇွန်လ ၈ ရက်နေ့ကစပြီး...
June 6, 2026
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းပိုင်းအတွင်း စစ်အုပ်စုနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ဇွန်လ ၅...