ဆော့လော်မြို့နယ်တစ်ခုလုံး ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားတာ နှစ်လကျော်လာတဲ့အတွက် ဆေးဝါးနဲ့အစားအစာ ပြတ်လပ်

ဆော့လော်မြို့နယ်တစ်ခုလုံး ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားတာ နှစ်လကျော်လာတဲ့အတွက် ဆေးဝါးနဲ့အစားအစာ ပြတ်လပ်

ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်တစ်ခုလုံး ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားတာ နှစ်လကျော်လာတဲ့အတွက် ဒေသခံပြည်သူတွေ ဆေးဝါးနဲ့အစားအစာ ပြတ်လပ်တာတွေ ကြုံတွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆော့လော်မြို့ဘက်သွားတဲ့ လမ်းတွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ နေရာယူထားပြီး စစ်ရေးတင်းမာနေတာကြောင့် ဧပြီလ ၁၄ ရက်နေ့ကကတည်းက ချီဖွေ-ဆော့လော်လမ်းအပြင် ဖရဲဘက်က အဝင်လမ်းပါ ပိတ်သွားတာလို့ ဆော့လော်ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။

အဲဒီလို လမ်းပိတ်သွားတဲ့အတွက် ဒေသတွင်းက ဈေးဆိုင်တွေမှာ ကုန်ပစ္စည်းပြတ်လပ်တာတွေအပြင် ဆေးဝါးနဲ့ အစားအစာတွေပါ ပြတ်လပ်လာနေတာကြောင့် နှစ်ဖက်အဖွဲ့အစည်းကို လမ်းဖွင့်ပေးဖို့ တောင်းဆိုလိုတယ်လို့ ဒေသခံက ပြောပါတယ်။

“တောင်သုံးလုံးလမ်းဘက်လည်း သွားလို့ မရဘူး။ ဖရဲလမ်းဘက်ကလည်း မသွားရတော့ ခုက ဆေးလည်း မရှိတော့ဘူး။ အစားအစာလည်း ပြတ်သလောက် ဖြစ်နေပြီ။ ပြည်သူတွေ အရမ်းခက်နေတယ်။ လမ်းခရီး နည်းနည်းလေးပဲ ဖြစ်ဖြစ် ဖွင့်ပေးရင် ကောင်းမယ်။ ကြာလာရင် မလွယ်တော့ဘူး“လို့ ဆိုပါတယ်။

စစ်ရေးအခြေအနေကြောင့် လမ်းတွေ ပိတ်သွားတဲ့အတွက် ဒေသခံတွေဟာ မြို့ပြင်က ထွက်လို့ပါ မရတော့တဲ့ အခြေအနေကြောင့်ပါ ဒုက္ခကြုံတွေ့နေကြရတာပါ။

“ခုက ဝယ်ဖို့ ဆိုင်လည်း မရှိတော့ဘူး။ ဆော့လော တစ်မြို့နယ်လုံး ဖြစ်တာ။ ထွက်လာလို့လည်း မရ၊ ထွက်သွားလို့လည်း မရ ဖြစ်နေတာ။ လမ်းကို ပိတ်သွားတာ“လို့ အထက်ပါ ဒေသခံက ဆက်လက်ပြောပြတာပါ။

နောက်ထပ်ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရလည်း လက်ရှိ ဆော့လော်မြို့နယ်အတွင်း စက်သုံးဆီတွေပါ ပြတ်လပ်နေတဲ့အတွက် အနီးအနား သွားရေးလာရေးအတွက်ပါ အခက်အခဲ ဖြစ်နေရတယ်လို့ သိရပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဆော့လော်မြို့နယ်အတွင်း လူဦးရေ ၆,၅၀၀ကျော် နေထိုင်ပါတယ်။

June 11, 2026
မြန်မာမှာ ကက်သလစ် သာသနာပိုင်နယ်မြေ ၁၇ ခု ရှိတဲ့အနက် နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေဟာ...
June 10, 2026
ဇွန် ၉ ရက်ဟာ ကချင်ဒေသမှာ တစ်ကျော့ပြန်စစ်ပွဲဖြစ်ခဲ့တာ ၁၅ နှစ်တိတိပြည့်တဲ့နေ့ပါ။...
June 9, 2026
ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးအားလုံးကို ဇွန်လ ၈ ရက်နေ့ကစပြီး...
June 6, 2026
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းပိုင်းအတွင်း စစ်အုပ်စုနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ဇွန်လ ၅...