မင်းတပ်မြို့ပေါ် ပြည်သူ ၈၀ ရာခိုင်နှုန်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရ

မင်းတပ်မြို့ပေါ် ပြည်သူ ၈၀ ရာခိုင်နှုန်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရ

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်က ဒေသခံပြည်သူ ၈၀ ရာခိုင်နှုန်းသည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်သွားကြပြီဖြစ်ပြီး အများစုမှာ ယခုလပိုင်းအတွင်းမှာ စစ်ဘေးရှောင်သွားရခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲမှု ကော်မတီထံမှ သတင်း ရရှိသည်။

မင်းတပ်မြို့ပေါ်တွင် လူဦးရေ သုံးသောင်းခွဲခန့် နေထိုင်ကြရာ ယင်းတို့ထဲမှ ၂၀ ရာခိုင်နှုန်းခန့်သာ မြို့ပေါ်တွင် ကျန်ရှိတော့ပြီး ကျန် ၈၀ ရာခိုင်နှုန်းခန့်မှာ နေရာဒေသအစုံသို့ စစ်ဘေးရှောင်သွားကြပြီဖြစ်ကြောင်း ယင်းကော်မတီမှ ကိုလောရင့်က ပြောသည်။

“ မင်းတပ်မြို့ပေါ်မှာက ခန်းမှန်းခြေကတော့ ၂၀ ရာခိုင်နှုန်းလောက် နေထိုင်ကြသေးတယ်။ ဘိုးဘွား တွေ၊ ထွက်ပြေးသွားလာဖို့ ခက်ခဲတဲ့ လူတွေ ကျန်ရှိနေဆဲပါ။ တချို့ကလည်း ဘာမှ မဖြစ်ဘူးပေါ့။ ဆက်နေထိုင်မယ်ဆိုတဲ့ လူတွေ၊၊ ဖြစ်လာတဲ့ဟာကို အကောင်းဆုံး ရင်ဆိုင်မယ်ဆိုပြီး နေတဲ့ လူတွေ ရှိသေးတယ်။ မင်းတပ်ကနေ ထွက်ဖို့ကလည်း ငွေကုန်ကြေးကြ အရမ်းများတယ်။ လမ်းစရိတ်တွေပေါ့နော်” ဟု ကိုလောရင့်က ပြောသည်။

မင်းတပ်မြို့ပေါ်တိုက်ပွဲများသတင်းကြောင့် မြို့ပေါ်ဒေသခံ အများစုသည် ယခုလပိုင်းအတွင်း စစ်ဘေးရှောင်သွားကြခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မင်းတပ်မြို့ပေါ်သာမက မြို့အနီးအနား ၃ မိုင်က ရွာများနှင့် ပန်းအော့ရွာအပါအဝင် ကျေးရွာ ၇ ရွာခန့်သည် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ခံနေရသောကြောင့် ရွားလုံးကျွတ် စစ်ဘေးရှောင်သွားကြပြီးဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်းကျေးရွာများမှ ဒေသခံများသည် မြို့နယ်အတွင်းက တခြားကျေးရွာများ၊ တောတောင်နှင့် တောင်ယာတဲများတွင် ယာယီတဲများ ဆောက်လုပ်ကာ စစ်ဘေးရှောင်နေရကြောင်း ၊ တချို့ ဒေသခံများမှာ မကွေးတိုင်း ဒေသကြီးဘက်နှင့် ရန်ကုန်၊ မန္တလေးဘက်သို့ စစ်ဘေးရှောင်သွားကြကြောင်း စစ်ရှောင်ကူညီသူများနှင့် ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် မြို့ပေါ်တိုက်ပွဲဖြစ်ပွားနေသော မတူပီမြို့ပေါ်က ဒေသခံများလည်း မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်ရန် ရောက်ရှိနေကြကြောင်း ကိုလောရင့်က ပြောသည်။

အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလတွင် မတ်လအထိ စာရင်းအရ မင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင် တစ်သောင်းနှင့် ငါးရာခန့် ရှိနေပြီး ဧပြီ၊ မေနှင့် ဇွန်လက စစ်ဘေးရှောင်များ စာရင်းမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ ယနေ့အထိ ကောက်ယူနေဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိ မိုးတွင်းကာလတွင် စစ်ဘေးရှောင်များသည် အိမ်နှင့် ယာယီတဲများ မလောက်ငှနိုင်အောင် ဖြစ်ပွားနေပြီး အမိုးအကာ အတွက် တာလပတ်များ အရေးပေါ်လိုအပ်နေကြောင်း၊ အခြေခံစားနပ်ရိက္ခာမျာလည်း အများအပြား လိုအပ်နေကြောင်း သိရသည်။

မင်းတပ်မြို့နယ်၊ ကျေးရွာများအတွင်းက စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အကူအညီများ လိုအပ်ပါက ရပ်ကွက်၊ ကျေးရွာတာဝန်ခံများနှင့် IDP တာဝန်ခံများထံ အကူအညီတောင်းခံနိုင်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးနှိုးဆော်ထားသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...