စာသင်ကျောင်းတွေမှာ ကယန်းစာပေသင်ကြားဖို့ စေတနာ့ဝန်ထမ်း ၆၀ ဦး စေလွှတ်ထား

စာသင်ကျောင်းတွေမှာ ကယန်းစာပေသင်ကြားဖို့ စေတနာ့ဝန်ထမ်း ၆၀ ဦး စေလွှတ်ထား

ကယန်းဒေသတွင်းက စာသင်ကျောင်းပေါင်း ၆၀ မှာ ကယန်းစာပေသင်ကြားဖို့ စေတနာ့ဝန်ထမ်း ၆၀ ဦးကို စေလွှတ်ထားတယ်လို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က ပြောပါတယ်။

ကယန်းဒေသတွင်းမှာ ကယန်းစာပေ မပပျောက်ဖို့အတွက် လုပ်ဆောင်နေတဲ့ အသင်းအဖွဲ့တွေ နည်းပါးတာကြောင့်လည်း အခုလိုစေတနာ့ဝန်ထမ်းတွေကို စေလွှတ်တာဖြစ်တယ်လို့ ကယန်းမျိုးဆက်သစ်လူငယ် အဖွဲ့ရဲ့ ပညာရေးဌာန တာဝန်ခံ ခွန်းပေါလုမောင်လေ က ပြောပါတယ်။

” မိခင်ဘာသာစကား ဖွံ့ဖြိုးမှုအပိုင်းကိုပဲ ကျနော်တို့ ရည်ရွယ်ပြီးတော့မှ စေတနာ့ဝန်ထမ်းတွေကို စေလွှတ်ရခြင်းဖြစ်ပါတယ်ပေါ့နော်။ ဘာလို့လဲဆိုရင်တော့ ကယန်းဒေသမှာက ကယန်းစာပေနဲ့ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ဖို့အတွက်က ထဲထဲဝင်ဝင် လှုပ်ရှားနေတဲ့ အဖွဲ့သိပ်မရှိတဲ့အပေါ်မှာ ကျနော်တို့ ကယန်းမျိုးဆက်သစ်လူငယ်အနေနဲ့ စာပေနဲ့ ယဉ်ကျေးမှု မပ ပျောက်ဖို့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ကယန်းစာပေဖွံ့ဖြိုးမှုအပိုင်းကိုပဲ ကျနော်တို့ အဓိကထားပြီးတော့မှ ကျနော်တို့ စေတနာ့ဝန်ထမ်းတွေကို စေလွှတ်ရခြင်းဖြစ်ပါတယ်ပေါ့နော်။”လို့ သူက ပြောပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က ၂၀၂၄-၂၅ ပညာသင်နှစ်မှာ ကယန်းစာပေသင်ကြားနိုင်ဖို့အတွက် နွေရာသီ စေတနာ့ဝန်ထမ်းဆရာ၊မ ဖြစ်သင်တန်းကို ၂ လ ကြာ ပြုလုပ် သင်ကြားပေးခဲ့တာပါ။

အဲ့ဒီသင်တန်းမှာ စေတနာ့ဝန်ထမ်းတွေကို ကယန်းမိခင်ဘာသာစကားအခြေပြု သင်ရိုးညွှန်းတမ်းနဲ့အတူ သင်ထောက်ကူပစ္စည်းတွေနဲ့ သင်ကြားပေးတာ၊ သင်ကြားမှု နည်းလမ်း၊ အတန်းစီမံခန့်ခွဲမှု၊ သင်ခန်းစာပြင်ဆင်မှု နည်းလမ်း၊ စစ်ဆေးအကဲဖြတ်မှု နည်းလမ်း၊ ကလေးအခွင့်အရေးနဲ့ မသန်စွမ်းအခွင့်အရေး စတဲ့ဘာသာရပ်တွေကို သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

” ကျမခံယူချက်က ကယန်းစာရေးတတ် ၊ ဖတ်တတ် ချင်တာဖြစ်တယ်။ နောက်တစ်ခုက ရွာမှာရှိတဲ့ ကလေးတွေပေါ့နော်။ သူတို့ရဲ့ အခွင့်အရေး မဆုံးရှုံးအောင်ပေါ့နော်။ ပြီးရင် ရွာမှာရှိတဲ့ ကလေးတွေက သုံးနှစ်ကြာ ကယန်းစာပေ မသင်ရဘူးပေါ့။ သူတို့ရဲ့ အခွင့်အရေးကို ပြန်ဖော်ဆောင်ချင်တဲ့ ခံယူချက်ဖြစ်ပါတယ် ”လို့  စေတနာ့ဝန်ထမ်းဆရာမ တစ်ဦးဖြစ်တဲ့ မူဘယ်နားရှာက ပြောပါတယ်။

စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမဖြစ်သင်တန်းကို ပြီးမြောက်ခဲ့တဲ့ စေတနာ့ဝန်ထမ်း (၆၀) ဦးကို ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်မှာ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ ပင်လောင်းမြို့နယ်မှာရှိတဲ့ ကျောင်းပေါင်း (၆၀)ကို စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

အခုလို ကယန်းစာပေသင်ကြားရေးအစီအစဉ်ကို ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က ကယန်းဒေသတွင်း ပညာရေးအသင်းအဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ဟာ ကယန်းဒေသရဲ့ ပညာရေးလိုအပ်ချက်ကို ၂၀၀၇ ခုနှစ်ကတည်းက ဖြည့်ဆည်း လုပ်ဆောင်လာခဲ့တဲ့ အရပ်ဖက်လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...