မိမိမဲဆန္ဒနယ်ပြည်သူ တောင်းဆိုပါက တစ်သီးပုဂ္ဂလအဖြစ် ဝန်ကြီးချူပ် ရွေးကောက်ပွဲဝင်မည်

မိမိမဲဆန္ဒနယ်ပြည်သူ တောင်းဆိုပါက တစ်သီးပုဂ္ဂလအဖြစ် ဝန်ကြီးချူပ် ရွေးကောက်ပွဲဝင်မည်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး(ခ)ဦးဘူးရယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နုတ်ထွက်သော်လည်း ရွေးကောက်ပွဲတွင် မိမိမဲဆန္ဒနယ်မှ ပြည်သူများတောင်းဆိုပါက တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ သတင်းထောက်များက ဝန်ကြီးချုပ်ကို တွေ့ဆုံမေးမြန်းခွင့်မရခဲ့သောကြောင့် ဇူလိုင် ၁၃ ရက်နေ့၊ ပြည်နယ်အစိုးရ ရုံး၌ မေးခွန်းကို စာလွှာဖြင့် ဝန်ကြီးချုပ်ထံ ပေးပို့ကာ ဝန်ကြီးချုပ်မှ စာဖြင့် ပြန်လည်ပေးပို့ ဖြေကြားပေးခဲ့သည်။

“မိမိနှင့် အခြားဝန်ကြီး(၄)ဦး ပါတီက နုတ်ထွက်တယ်ဆိုတာ မှန်ပါတယ်။ မိမိက ဇွန်လ (၂၀) မှာ နုတ်ထွက်စာ တင်ခဲ့ပြီး အခြားဝန်ကြီးတွေကတော့ ဂျူလိုင် (၃)ရက်နေ့မှာ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်ထွက်ရသလဲဆိုရင် အထက်ပါတီချုပ်က အမိန့်နှင့် ညွန်ကြားချက်များကို တိကျစွာ မလိုက် နာခြင်း၊ အောက်ခြေပါတီဝင် အဆင့်ဆင့်အား စည်းရုံးကွပ်ကဲမှု ညံ့ဖျင်းခြင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း လျာထားမှုတွင် ဗဟိုစိစစ်ရေးအဖွဲ့၏ လျာထားစာရင်းအား လို်က်နာခြင်းမရှိဘဲ အောက်ခြေပါတီဝင်အဆင့်ဆင့်၏ မဲပေးရွေးချယ်ခဲ့သော လွတ်တော်် ကိုယ်စားလှယ်လောင်းများ ကိုသာ အတည်ပြုလျာထားခြင်းနှင့်ပတ်သက်၍ မိမိအပေါ် စုံစမ်းစိစစ်ရေး ခုံရုံးတရပ် ဖွဲ့စည်းစစ်ဆေးခဲ့ သောကြောင့် ပါတီမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်ပါတယ်။”

ထို့အပြင် ကျန်ရှိနေသေးသော ပြည်နယ်ဝန်ကြီးချုပ်သက်တမ်းကို ဦးတည်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ ဇူလိုင်လ ၁၃ ရက်နေ့တွင် ကယားပြည်နယ် ပါတီကော်မတီဥက္ကဌ ဦးခင်မောင်ဦးသည် ပါတီ၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူလိုက်နာမှု အားနည်းခြင်း၊ ပါတီဗဟို၏ညွန်ကြားချက်များကို လိုက်နာဆောင်ရွက်မှု အားနည်းခြင်း၊ ပါတီတွင်း စည်းလုံးညီညွှတ်မှု အားနည်းခြင်းကြောင့် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် အညီ ပြစ်တင်ရှုတ်ချပြီး ဗဟိုကော်မတီဝင်အဖြစ်မှ ပါတီဝင်အဆင့်သို့ လျော့ချကာ ပါတီဝင်အဖြစ်မှ အနားပေးရန် ဆုံးဖြတ်သည်ဟု ထုတ်ပြန်ကြေညာထားသည်။

လာမည့်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အစား ယခင် ကယားပြည်နယ် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ)တွင် တာဝန်ထမ်းဆောင်ခဲ့ သည့် လက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမြင့်သည် ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာနိုင် ဖွယ်ရှိသည်ဟု ရှားတော အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးဌေးရယ်က ပြောသည်။

“တပ်ပိုင်းဆိုင်ရာဘက်မှ အရင်က ဒကစမှူးက ဝင်မယ်လို့ ကြားတယ်။ ပြည်နယ်လွှတ်တော်မှာ ဝင်ဖို့ ရှိတယ်။ သမ္မတက တိုက်ရိုက်ခန့်မယ်ဆိုတော့ အဲဒီထဲကပဲ ဖြစ်ဖို့များတာပေါ့”ဟု ဦးဌေးရယ်က ပြောသည်။

ဦးဝင်းမြင့်သည် လာမည့်ရွေးကောက်ပွဲတွင် မဲစယ်မြို့နယ် မဲဆန္ဒနယ်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မည်ဟုလည်း ကြားသိရသည်။

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...