ကျိုက်မရောထောင်မှာ ထောင်ဆူပူမှုဖြစ်ပြီးနောက် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

ကျိုက်မရောထောင်မှာ ထောင်ဆူပူမှုဖြစ်ပြီးနောက် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ထောင်ဆူပူမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၁၂ ရက်နေ့ ညနေပိုင်းက ကျိုက်မရောထောင်မှာ အကျဉ်းသားတစ်ဦးကို ထောင်အာဏာပိုင်တွေက နှစ်ထပ်အမြင့် အဆောက်အဦးတစ်ခုအား ဝရိန်ဆော်ခိုင်းရာကနေ မိုးရွာသွန်းခဲ့တဲ့အတွက် ဓာတ်လိုက်ပြီးပြုတ်ကျမှု ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် ဓာတ်လိုက်ပြုတ်ကျပြီး သတိမေ့မျောနေတဲ့ အကျဉ်းသားကို ထောင်ပြင်ပဆေးရုံမှာ ဆေးကုသခွင့်မပေးဘဲ ဒီအတိုင်းပစ်ထားတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေက ဆေးကုသခွင့်ပေးဖို့ တောင်းဆိုရာကနေ ထောင်ဆူပူမှု ဖြစ်ပွားခဲ့ပါတယ်။

“ထောင်ဆူပူမှု ဖြစ်တယ်ဆိုတာက အကျဉ်းသားတစ်ယောက်ကို ညနေ ၅ နာရီ လောက်မှာ အလုပ်ခိုင်းတာပေါ့။ ဝရိန်ဆော်ခိုင်းတယ်။ ဝရိန်ဆော်ခိုင်းပြီးတော့ အဲဒီမှာမိုးကလည်း ဖွဲဖွဲရွာတော့ ဓာတ်လိုက်သွားတယ်။ ဓာတ်လိုက်ပြီးတော့ အောက်ကို နှစ်ထပ်အပေါ်ကနေကျတယ်။ အဲဒါကို ဒီအတိုင်းပစ်ထားတော့ နိုင်ငံရေးအကျဉ်းသားတွေက ဒီလူကိုဆေးဝါးကုသခွင့် မလုပ်ပေးဘူးဆိုပြီးတော့ သောင်းကျန်းကြတာပေါ့။ အဲဒီမှာတစ်ထောင်လုံး ဆူသွားတာပေါ့”လို့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ထောင်ဆူပူမှုဟာ ညနေ ၅ နာရီကျော်ကနေ ည ၇ နာရီလောက်ထိ ဖြစ်ပွားခဲ့ပြီး အဲဒီနောက် ထောင်အာဏာပိုင်တွေက အဲဒီအကျဉ်းသားကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခွင့် ပြုလိုက်တဲ့အတွက် ပြန်လည်ငြိမ်သက်သွားပါတယ်။

ထောင်ဆူပူမှု ဖြစ်ပွားပြီးနောက် ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က ကျိုက်မရောထောင်မှာ တပ်အင်အား အများအပြား တိုးမြှင့်ထားပြီး အကျဉ်းသားတွေကိုလည်း စောင့်ကြည့်တာတွေ လုပ်ဆောင်နေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျိုက်မရောထောင်ဟာ အကျဉ်းသားတွေကို ကျန်းမာရေး စောင့်ရှောက်ခွင့် အပြည့်အဝ မပေးတာ၊ ဆေးဝါးကုသခွင့် ကန့်သတ်ထားတာ၊ အစားအသောက်နဲ့ သောက်သုံးရေတွေကအစ လုံ လောက်အောင်မပေးဘဲ မကြာခဏဆိုသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာပါ။

ဒ့ါအပြင် အကျဉ်းသားတွေကို အသုံးအဆောင်နဲ့ စားစရာတွေ ပေးပို့တာတွေကအစ အရင်ထက်ပိုမိုတင်းကျပ်ထားပြီး လူစားထိုးပေးပို့ခွင့် မပြုတော့ဘဲ မိသားစုဝင်တွေကိုသာ အထပ်ထပ်အခါခါ စစ် ဆေးပြီးမှ ပေးပို့ခွင့်ပြုတော့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူပေါင်း ၂၀၀၀ ကျော်ရှိတယ်လို့ အကျဉ်း ထောင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

Most read this week

December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...
December 8, 2025
အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ မရှိခဲ့ပေမယ့်...
Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...