ဦးကျော်စွာအောင်က “စီမံကိန်းဆောင်ရွက်ချိန်မှာ ပြည်သူတွေကို တိုက်ရိုက်အကျိုးဖြစ်စေမယ့် လမ်းတွေကျောင်းတွေ ကျနော်တို့ ရေပေးရေးလုပ်ငန်းတွေ လုပ်သွားမှာဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ မိမိတို့ စိတ်ကြိုက်ရွေးချယ်ဆောင်ရွက်ခွင့်ရှိတဲ့အတွက် ကျနော်တို့ဒီပြည်သူတွေကို မိမိတို့ ဘတ်ဂျက်ကို တိုက်ရိုက်ရရှိမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ကမ္ဘာ့ဘဏ်မှ လူထုဗဟိုပြုဖွံ့ဖြိုးရေးစီမံကိန်း အထောက်အပံ့ကို ရရှိသည့် ဖရူဆိုမြို့နယ်အတွက် စတင်ဆောင်ရွက်နိုင်ရန် ကျေးရွာများမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ကော်မတီများ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များက ဇူလိုင်လ ၁၅ ရက်နေ့ ဖရူဆိုမြို့၊ အထက်တန်းကျောင်း တော်ဝင်သဇင် ခန်းမဆောင်တွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြခြင်းဖြစ်သည်။
မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမျိုးသိန်းက “ဒီမှာဆိုရင် အထူးသဖြင့်တော့ လမ်းပန်းဆက်သွယ်ရေးက တော်တော်လေး ခက်ခဲပါတယ်။ ဒီဖရူဆို မြို့နယ်က ဒီလမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတာနဲ့အမျှ ကျန်တဲ့ ကျန်းမာရေး ပညာရေးပိုင်းတွေမှာ လည်းပဲ အကုန်ဆက်စပ်ပြီးတော့ ဆင်းရဲတဲ့ အတိုင်းအတာထဲမှာ ပါကုန်တာဖြစ်ပါတယ်”ဟု ဆိုသည်။
ဖရူမြို့နယ်ရှိ ဒေသခံများသည် လမ်း၊ မီး၊ ရေ၊ စာသင်ကျောင်း ၊ အမျိုးသမီးများ ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နိုင်ရေး၊ အလုပ်အကိုင်ရရှိရေးစသည့် လိုအပ်ချက်များကို လိုလားကြောင်း လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ချိန်တွင် ဒေသခံများက အကြံပြု တောင်းဆိုသွားသည်။
ငူစွဲလဲရွာမှ ခူးစူးရယ်က “ကမ္ဘာ့ဘဏ်က အခုလိုအကူအညီတွေဝင်လာတာ ကျနော်တို့အတွက် အကျိုးတစ်ဝက်လောက် ရမယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရပ်ရွာထဲ နေထိုင်မှုက လိုအပ်ချက်က အများကြီးရှိနေသေးတယ်။ ရေတို့၊ လမ်းတို့ အဆင်မပြေဘူး”ဟု ဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ နေပြည်တော်တိုင်းဒေသအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၄ခုကို် ကမ္ဘာ့ဘဏ်မှ ဆင်းရမွဲတေမှု လျှော့ချရေး နှင့် ဒေသဖွ့ံဖြိုးတိုးတက်ရန်ရည်ရွယ်ပြီး လူထုဗဟိုပြုစီမံကိန်းကို ပြုလုပ်တာဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ဘဏ်တွင် သတင်းနှင့် ပြန်ကြားရေး အရာရှိ ကိုကျော်စိုးလင်းက “အဲ့ဒီစံနှုန်း သတ်မှတ်ချက်တွေက ဆင်းရဲနွမ်းပါးပြီးတော့မှ တကယ် လိုအပ်ချက်ရှိတဲ့ မြို့နယ်ဖြစ်ရမယ်။ အဲ့ဒီ မြို့နယ်မှာလည်း သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ နောက်သူတို့ရဲ့ စီးပွားရေးပေါ့ စတဲ့ ဒီအညွှန်းကိန်းတွေကိုလည်း အကုန်လုံးကြည့်တယ်”ဟု ဆိုသည်။
လူထုဗဟိုပြု စီမံကိန်း၏ ရည်ရွယ်ချက်မှာ ကျေးလက်ဒေသဖွ့ံဖြိုးတိုးတက်ရေးအတွက် ဖြစ်သောကြောင့် မြို့ပေါ်ရပ်ကွက်များ ကလွဲပြီး ကျေးလက်ဒေသကျေးရွာအုပ်စုရှိ ရွာအားလုံးသည် ရံပုံငွေ ရရှိမှာဖြစ်ကြောင်း သိရသည်။
ယခုနှစ်၊ မတ်လ ၆ရက်နေ့တွင် လွိုင်ကော်မြို့တော်ခန်းမ၌ လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်မည့် မြို့နယ် ရွေးခြယ်ခြင်း အခမ်းအနားကျင်းပခဲ့စဉ် ကမ္ဘာ့ဘဏ်မှ ဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ပေးမည့် ကျပ်သန်း ၁၂၀ ကို ဖရူဆိုမြို့နယ်ကို ပထမဆုံး စတင် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
ကျေးရွာအုပ်စုအတွင်း လူဦးရေ သုံးထောင်ကျော်ရှိရမှာဖြစ်ပြီး တစ်နှစ်လျှင် ကျပ် သိန်းနှစ်ရာဖြင့် လေးနှစ်ဆက်တိုက် တိုက်ရိုက် ထောက်ပံ့မှာဖြစ်သည်ဟု သိရသည်။ ဖရူဆိုမြို့နယ်တွင်းတွင် ကျေးရွာအုပ်စုပေါင်း ၁၄ အုပ်စု ကျေးရွာပေါင်း ၁၁၅ ရွာရှိသည်။







