ရှားတောစစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်နေ

ရှားတောစစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်နေ

ဇန်နဝါရီလအတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကရင်နီပြည်၊ ရှားတောမြို့နယ်က ဒေသခံတွေ စုပေါင်းနေထိုင်ကြတဲ့ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်နေတာ တစ်လကျော်ရှိနေပြီလို့ စစ်ဘေးရှောင်တွေက ပြောကြပါတယ်။

ရှားတောမြို့မှာ တိုက်ပွဲမဖြစ်ပွားတော့ပေမယ့် ဒေသခံတွေဟာ နေရပ်ပြန်နေထိုင်လို့ မရသေးဘူးလို့ ဆိုပါတယ်။

စစ်ရှောင်စခန်းမှာလည်း လစဉ်ထောက်ပံ့မှု မရရှိတာကြောင့် စားဝတ်နေရေးခက်ခဲနေကြသလို ဆေးဝါးလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

" ကျန်းမာရေးအနေနဲ့ အခုအရေပြားယားယံနေကြတယ်။ အစားအသောက်အနေနဲ့တော့ ပြတ်တစ်လက်၊ ငတ်တစ်လက်လိုပါပဲ။ တစ်လတစ်ခါရချင်မှရတာ ဒုက္ခကတော့ ပြောလို့မကုန်ပါဘူး နေရထိုင်ရတာလည်း နှစ်ရှည်ဆိုရင် မလွယ်ဘူး မိသားစုကလည်း (၅) ယောက်ရှိတယ်” လို့ သူက ပြောပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့ မိုးရာသီကာလမှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ကိုင်ကြသူရှိပေမယ့် တောင်ယာမြေမရှိတာကြောင့် လုပ်ကိုင်နိုင်ခြင်း မရှိကြတဲ့ စစ်ဘေးရှောင်အတွက် ပိုမိုခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

“လောလောဆယ်တော့ သူများ ထောက်ပံ့ပေးတဲ့စရိတ်နဲ့ပဲ စားသောက်နေပါတယ်။ ဒါပေမယ့် အဲ့ကြားမှာတော့ စားနပ်ရိက္ခာပြတ်လပ်မှုက တစ်လကျော်နေပြီ။ လိုအပ်ချက်အနေနဲ့ကတော့ စခန်း ၃ မှာဆိုရင် ယောကျာ်းလေးအဝတ်အထည် နည်းနည်းပါးပါး အသုံးလိုပါတယ်။ စားဝတ်နေရေးနဲ့ပတ်သက်ရင်တော့ ငရုပ်သီးတို့ အချိုမုန့်တို့ အသုံးလိုပါတယ်။ ငွေရေးကြေးရေးလည်း အသုံးလိုပါတယ်။ အခု အလုပ်အကိုင်နဲ့ပတ်သက်ရင် ဘယ်နေရာမှာ ရှာဖွေလို့မရလို့ ပိုက်ဆံရှာဖို့မရဘူးဖြစ်နေပါတယ်။ အဲ့ဒါက အခက်အခဲရှိနေပါတယ်။” လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စားဝတ်နေရေး ပိုမိုခက်ခဲလာတာကြောင့် ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတွေဆီ ရွေ့ပြောင်းလာကြသူလည်း ရှိနေပါတယ်။ လက်ရှိ ရှားတောမြို့နယ်မှာ စစ်ဘေးရှောင်စခန်း ၃ ခုရှိပြီး လူဦးရေ ၉၀၀ ကျော်ရှိနေပါတယ်။

June 10, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတနေရာမှာ မသန်စွမ်းသူတွေကို ဘဝမြင့်တင်ရေးနှင့်...
June 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် သော်ခူ စစ်ရှောင်စခန်းမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်...
June 9, 2026
“မိုးကာကတော့ မလုံမလောက်ဘူးပေါ့။ တခါတလေ သူများ(အလှူရှင်) ပေးတယ်။ ကိုယ်က မိုးထားပြီးဆိုတော့ ကြွက်က...
June 8, 2026
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်မှာ ဆယ်တန်းကျောင်းသားတဦးဖြစ်ခဲ့တဲ့ ကိုပီတာ(အမည်လွှဲ) ဟာ ကိုဗစ် ကပ်ရောဂါနဲ့...