မြစ်ကြီးနားအကျဉ်းထောင် ဆန္ဒပြမှုဖြစ်စဉ်မှာ အကျဉ်းသား ၁၃ ဦးကို ၃ နှစ်ခွဲစီ ထပ်တိုးထောင်ဒဏ်ချမှတ်ပြီး တိုက်ပိတ်ထား

မြစ်ကြီးနားအကျဉ်းထောင် ဆန္ဒပြမှုဖြစ်စဉ်မှာ အကျဉ်းသား ၁၃ ဦးကို ၃ နှစ်ခွဲစီ ထပ်တိုးထောင်ဒဏ်ချမှတ်ပြီး တိုက်ပိတ်ထား

ဧပြီလထဲမှာ ဖြစ်ပွားခဲ့တဲ့ မြစ်ကြီးနားအကျဉ်းထောင်အတွင်း ဆန္ဒပြမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားနဲ့ အခြားအကျဉ်းသား စုစုပေါင်း ၁၃ ဦးကို ထပ်တိုးထောင်ဒဏ်တွေ ချမှတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သိရပါတယ်။

ဧပြီလ ၁၈ ရက်နေ့က မြစ်ကြီးနားအကျဉ်းထောင်မှာ စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူမရရှိတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ထောင်တွင်းဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်မှုကို အကျဉ်းထောင်လက်အောက်ခံ ဝန်ထမ်းတွေနဲ့ စစ်ကောင်စီလက်အောက်ခံ တပ်သားရဲသားတွေက ကျည်အစစ်သုံးပြီး ဖြိုးခွင်းခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၅ ဦး သေဆုံးခဲ့ရပါတယ်။

ဒါပေမဲ့ ဧပြီ ၂၉ ရက် နေ့မှာတော့ ထောင်တွင်းဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်တယ်ဆိုပြီးတော့ နိုင်ငံရေးအကျဉ်းသားနဲ့ အခြားအကျဉ်းသား စုစုပေါင်း ၁၃ ဦးကို ၃ နှစ်နဲ့ ၆ လစီ ထပ်တိုးထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

" ပစ်ခတ်ဖြိုခွင်းတဲ့သူတွေ အပြစ်ပေးအရေးယူတာတွေ မလုပ်ဆောင်ဘဲ နိုင်ငံရေးအကျဉ်းသားအပါအဝင် အခြားအကျဉ်းသားတွေကို တရားခံအနေနဲ့စွပ်စွဲပြီး ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးတယ်ဆိုပြီး တရားသူကြီးကိုယ်တိုင်က စစ်ကောင်စီအလိုကျ အမိန့်ချမှတ်ပေးလိုက်တယ်" လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အခု ပြစ်ဒဏ်ချမှတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အခြားအကျဉ်းသား ၁၃ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား ကိုထွန်းမြင့်အောင်၊ ကိုကောင်းစံဟိန်း၊ ကိုချမ်းမင်းမင်း၊ ကိုအောင်ကျော်ဇင်၊ ကိုအာကာစိုးစံ တို့အပါအဝင် အခြားအကျဉ်းသားတွေပါဝင်တယ်လို့ သိရပါတယ်။

ဆန္ဒပြမှုဖြစ်စဉ်မှာ တာဝန်ရှိသူတွေဖြစ်တဲ့ ထောင်ပိုင်ကြီး ဦးကျော်မြင့်စိန်၊ ထောင်ပိုင်လေး ဦးကျော်မင်းဦးတို့ဟာ အမိန့်ပေးခိုင်စေမှုမှာ ပါဝင်သူတွေဖြစ်သလို ပစ်ခတ်မှုကို အဓိကအမိန့်ပေးစေခိုင်းခဲ့တဲ့ ညွှန်ကြားရေးမှူး ဦးကျော်စိုး ၊သေနတ်ပစ်ခတ်ရာမှာပါဝင်တဲ့ တပ်သား ဇော်ဇော်မိုးတို့ပါဝင်တာကို PPNM အနေနဲ့ စုံစမ်းသိရှိထားတယ်လို့ ဒီနေ့မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို စစ်ကောင်စီအနေနဲ့ အရေးယူခြင်းမရှိဘူးလို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။

လတ်တလော ထပ်တိုးပြစ်ဒဏ်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အခြားအကျဉ်းသား စုစုပေါင်း ၁၃ ဦးကို တိုက်ပိတ်ပြစ်ဒဏ်တွေ ချမှတ်ထားသလို မိသားစုဝင်တွေရဲ့ ပါဆယ်ပို့ဆောင်ခွင့်ကိုလည်း ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

Most read this week

June 17, 2024
ကချင်ပြည်နယ်၊ ပူတာအိုမြို့ဘက်တက်မယ့် ကုန်ပစ္စည်းတင်ကားတွေကို နှစ်ဖက်အဖွဲ့အစည်း(KIA နဲ့...
June 13, 2024
တိုက်ပွဲဖြစ်ပွားလာခဲ့ရင် တိမ်းရှောင်နိုင်ဖို့အတွက် ကံပိုင်တည်မြို့က ဒေသခံအချို့ဟာ...
June 10, 2024
မြစ်ဆုံရေကာတာကို အန္တရာယ်မရှိအောင် စီမံကိန်းရေးဆွဲထားတဲ့ အမြင့်ထက်နိမ့်ပြီး ဆောက်လုပ်သွားဖို့...
June 5, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင်းက ကျန်ရှိနေတဲ့ စစ်ကောင်စီ ၅၈ တပ်ရင်းဘက် အင်အားဖြည့်တင်းတာတွေ...