မောင်တောတွင် စစ်ဘက် ပစ်မှတ်မဟုတ်သည့် အရပ်ဘက်နေရာများကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာသဖြင့် ရခိုင်နှင့်မွတ်ဆလင်ဒေသခံ သောင်းချီထွက်ပြေးနေကြရ

မောင်တောတွင် စစ်ဘက် ပစ်မှတ်မဟုတ်သည့် အရပ်ဘက်နေရာများကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာသဖြင့် ရခိုင်နှင့်မွတ်ဆလင်ဒေသခံ သောင်းချီထွက်ပြေးနေကြရ

စစ်ပွဲတိုင်းတွင် အရှုံးများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် တိုက်ပွဲ ပြင်းထန်လျက်ရှိသည့် ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် စစ်ဘက်ပစ်များမဟုတ်သည့် အရပ်ဘက်နေရာများကို ဗုံးကြဲတိုက်ခိုက်မှုကို ပိုမိုလုပ်ဆောင်လာသဖြင့် ကျေးရွာ (၃၀) မှ ဒေသခံပြည်သူ သောင်းနှင့်ချီ၍ ထွက်ပြေးနေကြရကြောင်း သတင်းရရှိသည်။

လက်ရှိ မောင်တောမြို့နယ်မှ ရခိုင်နှင့် မွတ်ဆလင်ကျေးရွာ  ၃ဝ ကျော်မှ ဒေသခံပြည်သူ သောင်းနှင့် ချီပြီး ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု မောင်တော‌ဒေသခံမွတ်ဆလင်နှင့် ရခိုင်နှစ်ဖက် လူမှုအသိုင်းအဝန်းက ‌ပြောကြားသည်။

ဒေသခံ တစ်ဦးက "မောင်တောက ကျေးရွာတွေကို‌ စစ်ကောင်စီက ပစ်မှတ်ထားလာတယ်။ နေ့ စဉ်လိုလို လေကြောင်းနဲ့ ဗုံးလာချတာတွေ ရှိနေနေတယ်။ တမင် အရပ်သားရွာတွေကို ဗုံးချတာ။ တစ်ဖက်မှာဘည်း လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ပစ်တယ်။ ရွာတွေ မီးလောင်တယ်။  ရွာသူရွာသား‌တွေ ထိခိုက် ဒဏ်ရာရတယ်။  သေဆုံးတာတွေ များလာ‌နေ‌တော့ ဒေသခံ ရခိုင်နဲ့ မွတ်ဆလင်‌ ဒေသခံတွေ သောင်း နဲ့ချီပြီး‌ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်" ဟု ပြောကြားသည်။

မေလ ၂၁ ရက် နံနက် ၄ နာရီအချိန်တွင် မောင်တောမြို့နယ်ရှိ ရွှေဗဟိုလ်ရွာ၊ သရီကုန်ဘောင်ရွာနှင့် ငွေတောင် ရခိုင်ကျေးရွာ ၃ ရွာအား စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲချသဖြင့် လူမှုရေးလုပ်ဆောင်နေသည့် မောင်တောဂရုဏာကွန်ယက်မှ  မပန်းအိဖြူ အသက် (၂၅) နှစ်အပါအဝင်  အရပ်သားတချို့သေဆုံးပြီး  ၁၀ ကျော် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အတူ မေလ ၁၄ ရက်မွန်းလွဲ ၁၂ နာရီကျော်အချိန်၌ မောင်တောတောင်ပိုင်း ကင်းချောင်း ရခိုင် ကျေးရွာအား စစ်ကောင်စီမှ ဂျက်တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးလာရောက်ကြဲချသဖြင့် ဒေသခံ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲရပြီး ၆ ဦးထက်မနည်းအပြင်းအထန်ဒဏ်ရာရရှိခဲ့ရသည်။

မေလ ၁၉ ရက် မနက် ၁၀ နာရီ ကျော်ကလည်း  မောင်တော တောင်ပိုင်း သရီကုန်ဘောင်ကျေးရွာအား ဂျက်တိုက်‌ လေယာဉ်ဖြင့်‌ ဗုံး ၃ လုံးကြဲ ချခဲ့ရာ ဒေသခံ ၂ ဦးဒဏ်ရာရရှိပြီး ကျေးလက်ဆေးပေးခန်း အပါအဝင်လူနေအိမ် ၅ အိမ် ပျက်စီးသွား‌ခဲ့ရသည်။

စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မူ‌များ‌ ဆက်တိုက်များပြားလာနေသောကြောင့် မောင်တောမှ မွတ်ဆလင်နှင့် ရခိုင်ကျေးရွာ ၃၀ ကျော် မှ ဒေသခံသောင်းနှင့်ချီပြီး ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရခြင်း ဖြစ်သည်ဟုဆိုသည်။

"ရခိုင်တွေနဲ့ အတူ မွတ်ဆလင်တွေလည်း အေအေ သိမ်းပိုက်နယ်မြေထဲ အတူထွက် ပြေးကြတာ‌ တွေရှိတယ်။ အချို့မွတ်ဆလင်တွေကတော ဘင်္ဂလားဒေ့ရှ်ဖက်ကိုထွက်ပြေးကြတာလည်းရှိတယ်။ ထွက်ပြေးကြတာက သောင်းနဲ့ချီ ရှိပါတယ်" ဟု မောင်တောဒေသခံ မွတ်ဆလင်တစ်ဦးက ပြောကြားသည်။

ထွက်ပြေးနေကြသည့်  မွတ်ဆလင်ကျေးရွာများမှာ လဘော်ဇား၊ပေါင်းဇား၊ ဂေါ်ညှာ၊ကညင်တော၊ သီဟိုလ်တော၊ ဇင်ဘိုင်ညှာကျေးရွာများ ဖြစ်ကြပြီး ရခိုင်‌ ကျေးရွာများမှ ပြားသား၊  ငွေတောင်၊ သာယာကုန်း၊ မကျည်းကုန်း၊ သစ်တောရွာ၊၄ မိုင်၊ရွာသာ ယာ၊ကံပြင်သာစည်၊ အထက်ကံသာယာ၊ အလယ်ကံသာယာ၊  သာစည်ကုန်း၊ ၃မိုင်၊‌‌ ဝေသာလီ၊‌‌ ဗောဓိကုန်း၊ရွှေရင်အေး၊ ခရေမြိုင်၊‌ ရွှေဗဟို၊ သရီကုန်‌‌ ဘောင်စသည့်ကျေးရွာများဖြစ်ကြောင်းဒေသခံများထံက သိရသည်။

Most read this week

June 15, 2024
ပလက်၀ဒေသအပါအဝင် မြို့နယ် (၁၀) ခုကို သိမ်းပိုက်ပြီးနောက် နောက်ထပ် စစ်ရေးနှင့် စီးပွားရေး အရ...
June 13, 2024
ရခိုင်ပြည်တောင်ဘက်ပိုင်း တောင်ကုတ်မြို့ကို အာရက္ခစစ်သည်တော်များ ဝင်ရောက်တိုက်ခိုက်မည်ကို...
June 13, 2024
အကြမ်းဖက် စစ်ကောင်စီ ရေတပ်က တောင်းသည့်ငွေကိုမပေးနိုင်၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ သွားသည့်...
June 12, 2024
တိုက်ပွဲအတွင်း ပိတ်မိနေသည့် ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေ  ဂေါ့ကျေးရွာမှ ရွာသား...