တိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နယ်အတွင်းက ပြည်သူတွေ မြစ်ကြီးနားမြို့နဲ့ စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်

တိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နယ်အတွင်းက ပြည်သူတွေ မြစ်ကြီးနားမြို့နဲ့ စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်

ဝိုင်းမော်မြို့နယ်အတွင်းက ရပ်ကွက်ကျေးရွာက ဒေသခံပြည်သူတွေဟာ မြစ်ကြီးနားမြို့ဘက်ကနီးစပ်ရာ ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ စစ်ရှောင်စခန်းတွေမှာ သွားရောက်တိမ်းရှောင်နေတယ်လို့ သိရပါတယ်။

အိမ်စောင့်သဘောမျိုးသာ ကျန်ခဲ့ပြီး အများပိုင်းက တိမ်းရှောင်သွားကြပြီလို့ ဝိုင်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"အရမ်းကြောက်တဲ့သူပေါ့နော်။ ပစ္စည်းတွေဘာညာသိမ်း၊ တိမ်းရှောင်တယ်။ တချို့သူတွေကြတော့ရှိတယ်။တချို့သူတွေကြတော့ အိမ်မှာ တစ်ယောက်ပဲရှိတဲ့ အိမ်လည်းရှိတယ်။ အကုန်လုံးမိသားစုလိုက် တိမ်းရှောင်တဲ့သူတွေလည်း ရှိတယ်။ ကျွန်မတို့ကလက်ရှိ အိမ်မှာ နေသေးတယ်။"လို့ဆိုပါတယ်။

ဝိုင်းမော်မြို့အတွင်းက ဆိုင်အချို့ ပိတ်လိုက်ကြပြီဖြစ်ပြီး မြို့အတွင်းသွားလာသူတွေတော့ ရှိနေသေးတယ်လို့ နောက်ထပ် ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

"သာဂရဘက်တော့ ဘယ်လိုလဲတော့ မသိဘူး။  မြို့တွင်းကသွားတော့ သွားလာနေကြတယ်။ အဝင်အထွက်ပိတ်တာက ဆေးရုံရှေ့က သူတို့ရဲစခန်းကြားမှာ ပိတ်တာပဲဖြစ်ပါတယ်။" လို့ အထက်ပါ ဒေသခံအမျိုးသားက ဆိုပါတယ်။

ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ၅၈ တပ်ရင်းကနေလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဘက်ကို အမြောက်တွေနဲ့ နေ့စဉ်ပစ်ကူနေတဲ့အတွက် အဲဒီအသံတွေကြောင့် မနေရဲကြတော့ဘူးလို့လည်း ဆိုပါတယ်။

အဲဒါကြောင့် အချို့ကတော့ မိသားစုလိုက် တိမ်းရှောင်သွားကြပြီး တချို့ကတော့ နေ့ဘက်အချိန် ရွာထဲပြန်လာနေကြပြီး ညအချိန်မှတော့ အခြားနေရာကို ရှောင်တိမ်းတာမျိုးတွေ ပြုလုပ်နေကြတယ်လို့လည်း သိရပါတယ်။

ကျန်ရှိနေသေးတဲ့ ဒေသခံတွေကိုလည်း တိုက်ပွဲအခြေအနေတွေကြောင့် တိမ်းရှောင်ဖို့အတွက် အဆင်သင့်ပြင်ဆင်ထားကြဖို့ ဘာသာရေးအသင်းအဖွဲ့ဘက်က လူကြီးတွေနဲ့ ရပ်ကွက်၊ ကျေးရွာလူကြီးတွေကနေ ပြောဆိုမှုတွေရှိတယ်လို့လည်း အထက်ပါဝိုင်းမော်မြို့ဒေသခံအမျိုးသမီးက ပြောပါတယ်။

တိမ်းရှောင်သူ အများပိုင်းဟာ လဘန်၊ နောင်းချိန်း၊အင်ပေါင်၊ ဟန်ကောစတဲ့ ကျေးရွာတွေက စစ်ရှောင်စခန်းတွေမှာ သွားရောက်နေကြပြီး တချို့က မြစ်ကြီးနားမြို့ဘက်က ဆွေမျိုးအသိုင်းအဝိုင်းတွေဆီမှာ သွားရောက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ဝိုင်းမော်မြို့ရဲစခန်းဘက်နဲ့ ခတ်ချိုဆိပ်ကမ်းကို ပိတ်ထားပြီး မြစ်ကြီးနား- ဝိုင်းမော်ကိုကူးတဲ့ ဗလမင်းထင်မြစ်ကူးတံတားကြီးကိုလည်း ပိတ်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA က မေလ ၁၈ ရက်နေ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ခတ်ချိုဒေသခံ ၆ ဦး သေဆုံးခဲ့ပါတယ်။

ထိုးစစ်နှစ်ရက်အတွင်း KIA က ဂါးရာယန်ကျေးရွာနဲ့ ၃၂၁ တပ်စခန်းကြားက လုံဇက်ကောင်တပ်စခန်းကြီးအပြင် ဒဘတ်ချောင်းကူး တံတားထိပ်က ကဇူးတပ်စခန်းကြီးတို့ကို အပြီးသိမ်းပိုက်နိုင်ခဲ့ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုထားပါတယ်။

လက်ရှိအချိန်ထိ ဝိုင်းမော်-လိုင်ဇာလမ်းတစ်လျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီကနေ လေကြောင်းနဲ့တိုက်ခိုက်နေသလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေလည်း တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူနေပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...