တွန်းဇံမြို့စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်များ ယနေ့စတင်တိုက်ခိုက်

တွန်းဇံမြို့စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်များ ယနေ့စတင်တိုက်ခိုက်

ယနေ့ မေလ ၁၆ မနက်ပိုင်းတွင် တွန်းဇံမြို့၊ စစ်ကောင်စီတပ် ခလရ – ၂၆၉ တပ်စခန်းကို ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ချင်းကာကွယ်ရေးပူးပေါင်းတပ်က စုပေါင်း၍ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“တွန်းဇံ ၂၆၉ စခန်းကုန်းကို တိုက်တာပါ။ ဒီနေ့မနက်မှ စတိုက်တာပါ။ စစ်ကောင်စီက ဖိုက်တာနဲ့ သုံးကြိမ် ဗုံးလာကြဲတယ်။ အခုက ZRA နဲ့ တိုက်နေတာ မဟုတ်ပါဘူး” ဟု ဆလိုင်းထက်နီက ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာဖြင့် သုံးကြိမ် လာရောက် ပစ်ကူပေး၍ တိုက်ခိုက်နေသော်လည်း ချင်းပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိကြောင်း ဆလိုင်းထက်နီက ပြောသည်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ မီဇိုရမ်၊ မဏိပူရ်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည် တွန်းဇံမြို့က စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ချင်းပူးပေါင်းတပ်များက စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“CNA နဲ့ ချင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်တဲ့ စစ်ဆင်ရေးပါ၊ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြပါ” ဟု ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မေလ ၁၁ ရက် တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း (၂) ကျောင်း၊ အရပ်သားနေအိမ် (၅) လုံး ထိခိုက်ပျက်စီးခဲ့ပြီး တိုက်ပွဲများကြောင့် လုံတပ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာ (၅) ရွာခန့်က ဒေသခံပြည်သူ တစ်ထောင်ကျော်မှာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

မေလဆန်းပိုင်းမှစတင်၍ တွန်းဇံမြို့ပေါ် ရဲစခန်းအနီးဝန်းကျင်က ဒေသခံများသည် မြို့ပေါ် တိုက်ပွဲသတင်းများကြောင့် နီးစပ်ရာဒေသများသို့ စစ်ဘေးရှောင်သွားပြီဖြစ်ကြောင်း သိရသည်။

တွန်းဇံမြို့နယ်တွင် အများပြည်သူ မှီတင်နေထိုင်ရာ မြို့ရွာများအတွင်း တိုက်ပွဲဖော်ဆောင်ခြင်း မပြုလုပ်ဘဲ ရှောင်ရှားပေးရန်‌ မေလ ၃ ရက်က တွန်းဇံမြို့၊ ခရစ်ယာန်ဂိုဏ်းပေါင်စုံ မိတ်သဟာယအဖွဲ့နှင့် မြို့မိမြို့ဖများက ပန်ကြားလွှာ ထုတ်ပြန်ထားသည်။

တွန်းဇံမြို့နယ်တွင် စစ်ကောင်စီတပ်အပါအဝင် ZRA (EC)၊ PDF- Zoland၊ CDF – တွန်းဇံ နှင့် PDF ခေါ် Thahdo Defence Force စသည့် လက်နက်ကိုင်တပ်ဖွဲ့များ အခြေပြုလှုပ်ရှားနေကြကြောင်း သိရသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...