သက်ငယ်မုဒိမ်းကျူးလွန်ခံရပြီး သတ်ဖြတ်ခံခဲ့ရတဲ့ မဂွမ်ရိန်ဒူနော်ရဲ့ တရားမျှတမှုအတွက် ပူတာအိုဒေသခံထောင်ချီ ဆန္ဒထုတ်ဖော်

သက်ငယ်မုဒိမ်းကျူးလွန်ခံရပြီး သတ်ဖြတ်ခံခဲ့ရတဲ့ မဂွမ်ရိန်ဒူနော်ရဲ့ တရားမျှတမှုအတွက် ပူတာအိုဒေသခံထောင်ချီ ဆန္ဒထုတ်ဖော်

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးဖို့နဲ့ သက်ငယ်မုဒိမ်းမှုပပျောက်ရေးအပြင် မတရားသတ်ဖြတ်ခံရတဲ့ မဂွမ်ရိန်ဒူနော်ရဲ့ တရားမျှတမှုအတွက် ဒေသခံထောင်ချီဟာ ပူတာအိုမြို့တွင်းမှာ ဆန္ဒထုတ်ဖော်နေကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ မေလ ၁၀ ရက်နေ့မှာ ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်က အသက် ၁၅ နှစ်အရွယ် ရဝမ်မိန်းကလေးငယ်ဖြစ်တဲ့ မဂွမ်ရိန်ဒူနော်ဟာ ရပ်ကွက်အရှေ့ဘက် သက်ကယ်တောမှာ အဓ္ဓမပြုကျင့် သတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားခံတွေကို အမြန်ဆုံးထိရောက်စွာ အရေးယူနိုင်ဖို့နဲ့ တရားမျှတမှုရရှိဖို့ ပူတာအိုဒေသခံ အများအပြားဟာ ဒီကနေ့ မေလ ၁၃ ရက်နေ့ မနက် ၁၀ နာရီကနေ ဒုတ္တန်ရပ်ကွက်ကစပြီး လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြတာဖြစ်တယ်လို့ ပါဝင်ဆန္ဒထုတ်ဖော်သူ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

" ပူတာအိုဒေသမှာ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး အနိုင်ကျင့်မှုတွေကို လုံးဝ လက်မခံဘူး ဆိုတာကို ထုတ်ဖော်ပြသတာ ဖြစ်ပါတယ်။ ဒေသခံတွေ တော်တော်များများ ပါဝင်တယ်။ ဆက်လက်ပြီးမှ အမှုမှန်ပေါ်အောင် ဖော်ထုတ်ပေးဖို့ အခုလို စည်းရုံးတာဖြစ်တယ်။"  လို့  ဆိုပါတယ်။

မတရားပြုကျင့်သတ်ဖြတ်ခံရတဲ့ မိန်းကလေးငယ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဆန္ဒထုတ်ဖော်တဲ့ ဒေသခံအများစုဟာ အနက်ရောင်ဝတ်ဆင်ထားကြသလို အနက်ရောင် နဖူးစီးတွေ တပ်ဆင်ပြီးတော့ ပူတာအိုမြို့တွင်း စီတန်းလှည့်လည်ကြတာလို့ ဆိုပါတယ်။

မဂွန်ရိန်ဒူနော်ရဲ့ ရုပ်ကလပ်နဲ့အတူ ဒေသခံတွေဟာ မဒူနော်အတွက် တရားမျှတမှုရရှိရေး ၊ သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို ထိရောက်စွာပြစ်ဒဏ်ချမှတ်ပေးရေး၊  သက်ငယ်မုဒိမ်း လူသတ်မှုမှန်သမျှ ကင်းစင်ပပျောက်ဖို့ ဝိုင်းဝန်းကူညီကြပါစို့ စတဲ့ဆိုင်းဘုတ် ပိုစတာတွေကို ကိုင်ဆောင်ပြီးတော့ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သက်ငယ်မုဒိမ်းမှုကျူးလွန်တဲ့ တရားခံတစ်ဦးကို ဖမ်းမိထားပြီဖြစ်ပေမဲ့ အခင်းဖြစ်နေရာနဲ့ သက်သေအထောက်အထားတွေအရ ကျူးလွန်သူတစ်ယောက်မကတဲ့အတွက် ကျန်ရှိနေသေးတဲ့ ကျူးလွန်သူတွေကိုလည်း အမြန်ဆုံး ဖမ်းဆီးအရေးယူ ပြစ်ဒဏ် ချမှတ်ပေးဖို့ ဆန္ဒထုတ်ဖော်ကြတာလို့ ဆိုပါတယ်။

အခုလို လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုအပြီး ဒီကနေ့ညနေပိုင်းမှာပဲ မဂွန်ရိန်ဒူနော်ရဲ့ ရုပ်ကလပ်ကို မြေမြုပ် သင်္ဂြိုဟ် သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် မဂွမ်ရိန်ဒူနော်ဟာ အဓမ္မပြုကျင့်ခံရတဲ့အပြင် ညှင်းပန်းနှိပ်စက်တာ၊ ခြေလက်အင်္ဂါတွေ ရိုက်ချိုးခံရတာ၊ လည်ပင်းလှီးခံရတဲ့ ဒဏ်ရာတွေနဲ့ တွေရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...