ကျောင်းနေအရွယ် ချင်းစစ်ဘေးရှောင်ကလေးများအတွက် စာသင်ကျောင်းသီးသန့် ယခုအချိန်အထိ ဆောက်လုပ်ဖွင့်လှစ်ပေးနိုင်ခြင်းမရှိသေး

ကျောင်းနေအရွယ် ချင်းစစ်ဘေးရှောင်ကလေးများအတွက် စာသင်ကျောင်းသီးသန့် ယခုအချိန်အထိ ဆောက်လုပ်ဖွင့်လှစ်ပေးနိုင်ခြင်းမရှိသေး

မီဇိုရမ်ပြည်နယ်နဲ့ချင်းပြည်နယ်မှာ စစ်ဘေးတိမ်းရှောင်ကြရတဲ့ ကျောင်းနေအရွယ်ချင်းစစ်ဘေးရှောင်ကလေးများအတွက် စာသင်ကျောင်းသီးသန့် ယခုအချိန်ထိ ဆောက်လုပ် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“ စစ်ရှောင်လာတဲ့ ကျောင်းနေအရွယ်တွေအတွက်ဆိုပြီး စစ်ရှောင်စခန်းတွေမှာကျောင်းဆောင်သီးသန့်ဆောက်လုပ် ပေးတာမျိုးမရှိဘူး။ Church School လိုမျိုးလေးတွေပဲရှိတယ်။ သူတို့ရောက်တဲ့နေရာနဲ့နီးတဲ့ ကျောင်းတွေမှာတက်ကြရတယ်။ ကျောင်းကို အစိုးရနဲ့ NGOs တွေအနေနဲ့လည်း အခုချိန်ထိ သတ်သတ်မှတ်မှတ်ကူညီပေးနိုင်တာမရှိဘူး” လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်း ၂၀ နီးပါးရှိပြီး၊ ထန်တလန်မြို့နယ်မှာ ၄ ခု၊ ပလက်၀မြို့နယ်မှာ ၆ ခု၊ မင်းတပ်မြို့နယ်မှာ ၇ ခု နဲ့ မတူပီမြို့နယ်မှာ ၂ ခုရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့ပြုစုထားတဲ့စာရင်းအရသိရပါတယ်။

ကျောင်းနေအရွယ်တွေအတွက် ကျောင်းပညာသင်ကြားနိုင်ဖို့ ရပ်ရွာများကသာ ကိုယ်ထထူကိုယ်ထနဲ့ဖြစ်ဖြစ်၊ နိုင်ငံခြားက အကူအညီတွေနဲ့ပဲဖြစ်ဖြစ် အခုချိန်ထိ ဆောင်ရွက်နေကြရပါတယ်။

ချင်းပြည်နယ်အတွင်းစစ်ရှောင်ရှိတဲ့ တချို့ကျေးရွာတွေမှာပဲ ကျောင်းဆရာ/မ တွေအတွက် လုပ်ခလစာပေးနိုင်တာဖြစ်ပြီး အဲဒါကလည်း ကျေးရွာလူထုနဲ့ နိုင်ငံခြားရောက်သူများက ကူညီမှုနဲ့ပေးနိုင်တာဖြစ်ပါတယ်။

ချင်းပြည်နယ်က ကျေးရွာအများစုကတော့ ကျောင်းတွေကိုဖွင့်လှစ်နိုင်ခြင်းမရှိသလို ဖွင့်လှစ်ထားတဲ့ ကျောင်းအတွက် ဆရာ/မ တွေရဲ့လခမပေးနိုင်ဘူးလို့သိရပါတယ်။

CDM လုပ်ပြီး အိန္ဒိယနယ်စပ်ကျေးရွာမှာ တိမ်းရှောင်နေတဲ့ ကျောင်းဆရာတစ်ဦးက “ တစ်လကို ငါးသောင်းလစာပေးတယ်။ ကိုယ့်မြို့နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပညာရေးဌာနကနေပေါ့။ ကိုယ်ကလည်း စေတနာနဲ့စာသင်ပေးတယ်။ ငါးသောင်းလည်း ပုံမှန်ရတာတော့မဟုတ်ဘူး။ မိသားစုစားဝတ်နေရေးအတွက် အကြပ်အတည်းဖြစ်လာ‌တော့ ကျောင်းကို တစ်ပတ် ၂ ကြိမ်လောက်ပဲသွားနိုင်ပြီး ကျန်ရက်တွေမှာ ရရာအလုပ်ဖြစ်တဲ့ ပန်းရံလုပ်တာဖြစ်ဖြစ် အလုပ်လုပ်ရတယ်” လို့ပြောပါတယ်။

ကျောင်းဖွင့်ချိန်ကာလတွေမှာ ချင်းပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ၄၀% သာ ကျောင်းဖွင့်လှစ်နိုင်ပြီး အဲဒါကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထိန်းချုပ်နယ်မြေတွေက ကျေးရွာတွေမှာဖွင့်လှစ်နိုင်တာဖြစ်ပါတယ်။

ချင်းလူ့အခွင့်အရေးတာဝန်ရှိသူတစ်ဦးက “ ဒီဟာက မိဘတွေအတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တယ်။ ကျောင်းမတက်ကြတော့ ကလေးတွေလည်းပျက်စီးတယ်။ မူးယစ်ဆေးဝါးရဲ့ကျေးကျွန်တွေဖြစ်တယ်။ အသက်အရွယ်မပြည့်ပဲ အိမ်ထောင်ပြုတာတွေအရမ်းများတယ်” လို့ပြောပါတယ်။

မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်နေပေမယ့်လည်း အချို့ငွေရေးကြေးရေး အဆင်ပြေတဲ့ မိသားစုတွေအနေနဲ့ကတော့ မီဇိုရမ်ပြည်နယ်က ကျောင်းတွေမှာ မီဇိုရမ်ပြည်နယ်ရဲ့သင်ရိုးညွှန်းတမ်းအတိုင်းသင်ကြားတဲ့ ကျောင်းတွေမှာ ထားကြတယ်လို့သိရပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့စာရင်းအရ မီဇိုရမ်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်အထိ စစ်ဘေးရှောင်စခန်း ၈၀ ဝန်းကျင်ရှိခဲ့ပြီး အခုမှာတော့ စစ်ဘေးရှောင်စခန်း ၁၀၄ ခုအထိတိုးလာပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင် ၆ သောင်း ၂ ထောင်ကျော်ရှိပြီး နယူးဒေလီမှာ ၈၅၀၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။

May 18, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး...
May 16, 2026
ကလေးမြို့၊ ကလေးအကျဉ်းထောင် (မော်လိုက်ကလေးအကျဉ်းထောင်) ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ဟာ “...
May 15, 2026
အိန္ဒိယ - မြန်မာနယ်စပ်  ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့ကို စစ်ကောင်စီက...
May 14, 2026
CDF-Mindat ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်ကိုစစ်ကော်မရှင်တပ်က မေလ ၁၁ ရက်မှာ ၂...