နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများ ရရှိနိုင်ရန် အပစ်ရပ် (၇)ဖွဲ့ 7 EAO Alliance ကြိုးပမ်းဆောင်ရွက်နေဟုဆို

နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများ ရရှိနိုင်ရန် အပစ်ရပ် (၇)ဖွဲ့ 7 EAO Alliance ကြိုးပမ်းဆောင်ရွက်နေဟုဆို

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ ( 7 EAO Alliance)   ဦးဆောင်အဖွဲ့  အစည်းအဝေးကို အွန်လိုင်းဖြင့် ကျင်းပပြီးစီးခဲ့ကြောင်း စုံစမ်းသိရသည်။

မေလ (၇) ရက်မှ (၈) ရက်နေ့အထိ  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance)  ဦးဆောင်အဖွဲ့ အစည်းအဝေးကို အွန်လိုင်းမှတဆင့် ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီး လက်ရှိလုပ်ငန်းစဉ်ကို သုံးသပ်ခြင်းအပြင် နိုင်ငံတကာမှ ကူညီပံ့ပိုးမှုများ ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။

“ အစည်းအဝေး ၂ ရက်တာမှာ အဓိက ဆွေးနွေးဆုံးဖြတ်တာကတော့ 7 EAO Alliance ရဲ့ လက်ရှိလုပ်ငန်းစဉ်တွေ၊ ရည်ရွယ်ချက် ရည်မှန်းချက်တွေကို ဆွေးနွေးအတည်ပြုပြီး သတ်မှတ်တာ ရှိတယ်။ နောက်တစ်ချက်က 7 EAO Alliance စုဖွဲ့မှုရဲ့ အဝိုင်းအဝန်းထဲမှာဆိုရင် လုပ်ငန်းကော်မတီ ၆ ခုမှာ တာဝန်ပေးအပ်တာ ရှိတယ်”ဟု 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ KNU/KNLA(PC)မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အွန်လိုင်းဖြင့် တွေ့ဆုံခဲ့သည့် ယခုအစည်းအဝေးသည် 7 EAO Alliance ဦးဆောင်မှုကော်မတီ၏ ပထမဆုံးအကြိမ် အစည်းအဝေးဖြစ်ပြီး ဦးဆောင်ကော်မတီဝင်များ၊ အတွင်းရေးမှူးနှင့် အကြံပေးများ၊ အထူးဖိတ်ကြားထားသူများ အပါအဝင် ၂၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။

“ 7 EAO Alliance အနေနဲ့ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှု ရရှိနိုင်ဖို့ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ကြိုးပမ်းဆောင်ရွက်တာတွေတော့ ရှိပါတယ်။ သို့သော် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံအစိုးရနဲ့ ပံ့ပိုးကူညီ ဆောင်ရွက်မှုတွေ ရနိုင်အောင် ထဲထဲဝင်ဝင် ထိတွေ့ဆက်ဆံ ပြောဆိုနိုင်တဲ့ အခင်းအကျင်းကတော့ မရှိသေးပါဘူး”ဟု 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မေလ (၇) ရက်မှ (၈) ရက်နေ့အထိ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် 7 EAO Alliance အဖွဲ့ဝင် (၇)ဖွဲ့စလုံး ပါဝင်တက်ရောက်ခဲ့သော်လည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) အနေဖြင့် ကိုယ်စားလှယ်အမည်စာရင်းမတင်သွင်းရသေးဘဲ အထူးဖိတ်ကြားထားသူအနေဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ ပြီးခဲ့တဲ့ ထိပ်သီးအစည်းအဝေး အထိပေါ့လေ ဒီ(၇)ဖွဲ့က အပြည့်အဝ တက်ရောက်တယ်။ သို့သော်လည်း PNLO အနေနဲ့ကတော့ လက်ရှိ သူတို့အဖွဲ့ကြားမှာ တိုင်ပင်ညှိနှိုင်းဆွေးနွေးဖို့ ကိစ္စရပ်တွေ ရှိတဲ့အတွက်ကြောင့်ပေါ့။ အခု အစည်းအဝေးမှာတော့ အထူးဖိတ်ကြားထားတဲ့ ကိုယ်စားလှယ်အနေနဲ့ သူတို့ဆွေးနွေးတာတော့ ရှိပါတယ်”ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆက်ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့သည် မတ်လ(၁၇/၁၈)ရက်တို့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး စုဖွဲ့မှုပုံစံအသစ်အဖြစ် “7 EAO Alliance”ကို ပြင်ဆင်ဖွဲ့စည်းကာ အဖွဲ့ခေါင်းဆောင်အဖြစ် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီ NMSP ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်း တို့ကို တာဝန်ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်ကလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် သည်  RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဧပြီလ တတိယပတ်ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့အပြင် အခြားသော လက်နက်ကိုင်အဖွဲ့များနှင့်လည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။

ယင်းကဲ့သို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများသည် ထိုင်းအစိုးရနှင့် သက်ဆိုင်ခြင်းမရှိဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် မာရစ် ဆင်ညမ်ဖုန်က မေလ ၇ ရက်တွင် ပြောဆိုလိုက်ကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...