သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုတွင် အထိုင်ချ တပ်စွဲထားသည့် စစ်အုပ်စုတပ်က အသက် ၂၀ အရွယ်ရှိ လူငယ် ၅ ဦးကို သေနတ်ဖြင့် ပစ်ခတ်ရာ ၁ ဦး ကျည်ထိမှန်ခဲ့ပြီး ကျန်သူများကိုလည်း ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်အုပ်စုတပ်က ဒေသခံများကို ရှောင်တိမ်းခိုင်းထားသော်လည်း နေအိမ်ရှိ ပစ္စည်းများ ပျောက်ဆုံးမည်ကို စိုးရိမ်သဖြင့် နေရပ်သို့ ပြန်လာသူများရှိနေသည်။
ရွာငံမြို့နယ်အတွင်း ဩဂုတ်လ ၁၆ ရက်နေ့မှ စတင်ကာ စစ်အုပ်စုတပ်က ဝင်ရောက်တပ်စွဲခဲ့ပြီး ကျေးရွာဒေသခံ များကိုလည်း ၃ ရက်အတွင်း အပြီးပြောင်းရွှေ့ရန် အမိန့်ထုတ်ထားသည်။
ထို့နောက် ရွာငံမြို့နယ်၊ ရေဦးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင်လည်း စစ်အုပ်စုတပ်က တပ်စွဲကာ ဒေသခံများ အခြားသို့ ထွက်ပြေးတိမ်းရှောင်ရန် ဩဂုတ် ၁၇ ရက် ညနေပိုင်းတွင် ပြုလုပ်နေစဉ် လူငယ် ၅ ဦးကို တွေ့ရှိ၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုအထဲမှ ၁ ဦး ကျည်ဒဏ်ရာ ရရှိခဲ့သဖြင့် လက်ရှိတွင် မြိုင်ဆေးရုံသို့ ပို့ဆောင်ထားရသည်။
ကျန် လူငယ် ၄ ဦးကိုလည်း စစ်အုပ်စုတပ်က ဖမ်းဆီးရိုက်နှက်ပြီးမှ ပြန်လွှတ်ပေးခဲ့သည်။
ကိုယ်တိုင် မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးက “အဓိက လူငယ်တွေမလို့ သေနတ်နဲ့ပစ်လိုက်တဲ့သဘောပဲ။ တစ် ယောက်ကတော့ ရွာငံမြို့ပေါ်ဆေးရုံကိုပို့လိုက်တယ်။ ကျန် ၄ယောက်တော့ ရိုက်ခံထားရတော့ ညိုမည်း လောက်ပဲ။ ကျနော်တို့လည်း စစ်တပ်ကိုမြင်တော့ ပြန်လှည့်လာရတာ” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။
လက်ရှိတွင် ရွာငံမြို့နယ်အတွင်းရှိ သိမ်ကုန်းကျေးရွာအုပ်စု၊ ရေဦးကျေးရွာအုပ်စုနှင့် မြိုင်ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ပြည်သူများသည် လွတ်ရာသို့ ထွက်ပြေးနေကြရပြီး အချို့ သက်ကြီးရွယ်အိုများသည် နေအိမ်တွင် သူခိုး ဝင်ရောက်မည်ကို စိုးရိမ်သဖြင့် အိမ်စောင့် ကျန်ခဲ့ကြသည်။
သိမ်ကုန်းကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက “လူငယ်တွေကတော့ လွတ်ရာသို့ ပြေးကြပြီ။ လူငယ်ဆိုရင် တပ်က ပိုပြီး စိုက်ကြည့်တယ်။ အိမ်ကိုလည်း ထားပြီး သွားလို့မရဘူး။ စစ်တပ်က လာခိုးတက်လို့ အိမ်စောင့် လည်း ကျန်ထားရသေးတယ်” ဟု ပြောသည်။
ထို့ပြင် စစ်အုပ်စုတပ်သားများသည် မြိုင်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြစေတီကျေးရွာဘက်တွင်လည်း အင်အားအများအပြား တပ်စွဲထားကြောင်း အဆိုပါ အမျိုးသားက ထပ်မံပြောကြားသည်။
ဆက်လက်ပြီး ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၁၀၀၃) တပ်ရင်းဘက်ကလည်း စစ်အုပ်စု တပ်သည် ဒေသခံများကို ရှောင်တိမ်းခိုင်းပြီးနောက် နေအိမ်များမှ ပစ္စည်းများကို ယူဆောင်ခြင်း၊ အိမ်မွေး တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ထုတ်ပြန်ထားသည်။
“တော်လှန်ရေးဘက်က ထုတ်ပြန်ထားသလိုပဲ ရွာကနေရှောင်ရင် တန်ဖိုးကြီး ပစ္စည်းကို တစ်ခါတည်းယူ သွား သင့်တယ်။ မှတ်ပုံတင်တို့ အရေးကြီး စာရွက်စာတမ်းတွေကို ယူသွားဖို့လိုတယ်။ ခဏရှောင်ခိုင်းတယ် ဆိုပေမဲ့ ရှေ့ဆက် ဘာဖြစ်လာမယ် မသိဘူးလေ။ စစ်တပ်ကလည်း ဖမ်းဆီးမှုတွေ လုပ်နေတာကိုလည်း သတိထားစေချင် တယ်” ဟု ရွာငံမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်တွင် စစ်အုပ်စုတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာငံမြို့နယ်အတွင်း စစ်အုပ်စုတပ်က စစ်ဆေးဖမ်းဆီးမှုများ မကြာခဏ ပြုလုပ် လျက်ရှိသည်။







