စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လုပ်သားရှားပါးမှုပြဿနာ အကြီးအကျယ်ရင်ဆိုင်နေရပြီ

စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လုပ်သားရှားပါးမှုပြဿနာ အကြီးအကျယ်ရင်ဆိုင်နေရပြီ

စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်တွေ ပြည်ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ ထွက်ခွာမှုတွေ ရှိလာတဲ့အတွက် ဒေသတွင်းမှာ လုပ်သားရှားပါးမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီလို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေ အလုံးအရင်းနဲ့ ပြည်ပနိုင်ငံတွေထံ ထွက်ခွာမှုတွေ ရှိလာတာကြောင့် ဒေသတွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ စက်ရုံအလုပ်ရုံတွေ၊ SME လုပ်ငန်းတွေအပြင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကအစ လုပ်သားရှားပါးမှုနဲ့ ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ လုပ်သားရှားပါးမှု ပြဿနာကို အကြီးအကျယ် ရင် ဆိုင်နေရပြီး စက်ရုံအလုပ်ရုံ၊ စားသောက်ဆိုင်၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်း အလုပ်သမား ထက်ဝက်နီးပါး လျော့ကျသွားတယ်လို့ လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးကတော့ စစ်မှုထမ်းဥပဒေကြောင့် ဒေသတွင်းမှာ လုပ်သားတွေကို အခြေခံပြီးလုပ်ရတဲ့ လုပ်ငန်းတွေမှာ လုပ်သားရှားပါးတဲ့ ဂယက်တွေ ရိုက်ခက်လာသလို လုပ်ငန်းတွေ လည်ပတ်နိုင်ရေး မနည်းကြိုးပမ်းရုန်းကန်နေရတယ်လို့ ပြောပါတယ်။

“လုပ်သားတွေကို အခြေခံပြီးမှ လုပ်ရတဲ့လုပ်ငန်းတွေမှာတော့ နည်းနည်းလေး ဂယက်ရိုက်လာတာ တွေ့ ရတယ်။ ဒီပွဲရုံလုပ်ငန်းတွေ ရှိမယ်။ စက်ရုံလုပ်ငန်းတွေမှာ အခြေခံလုပ်သားတွေပေါ့။ တချို့ကျတော့လည်း ကြောက်ပြီးတော့ တိမ်းရှောင်သွားကြတာတွေ များတယ်လေ။ များတဲ့အခါကျတော့ လုပ်သားရှားပါးလာပြီးတော့ လုပ်ငန်းလည်ပတ်ဖို့ နည်းနည်းလေး နှောင့်နှေးကြန့်ကြာလာတာတွေ တွေ့ရတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လုပ်သားရှားပါးမှုကြောင့် ဒေသတွင်းက လုပ်ငန်းအများစုမှာလည်း လုပ်နိုင်ကိုင်နိုင်တဲ့ လူ ငယ်လူရွယ်တွေ နည်းပါးလာသလို အခုလို အရွယ်ကောင်းတွေ မရှိတော့တဲ့အတွက် ထုတ်လုပ်မှုတွေပါ လျော့ကျလာတယ်လို့ သူကဆက်ပြောပါတယ်။

SME လုပ်ငန်းရှင်တစ်ဦးကလည်း လုပ်ငန်းအများစုမှာ ကျွမ်းကျင်လုပ်သားတွေရော ကျပန်းလုပ် သားတွေပါ တော်တော်ရှားပါးလာတဲ့အတွက် ကုန်ထုတ်လုပ်မှုတွေ သိသိသာသာ ကျဆင်းလာမယ့် အခြေအနေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

“ဆောက်လုပ်ရေးတို့ ဘာတို့ကတော့ အကြီးအကျယ် ထိခိုက်တာပေါ။၊ ဒါတွေက တကယ့်ကို လုပ် သားတွေ လိုအပ်တဲ့ဟာပဲလေ။ ကျွမ်းကျင်လုပ်သားရော၊ အကြမ်းသမားတွေရော လိုအပ်တဲ့ဟာပဲပေါ့။ နောက်ပြီးတော့ မဖြစ်မနေသုံးရမယ့် ဒီလုပ်သားဆိုတဲ့ဟာက ကုန်တင်ကုန်ချ လုပ်သားတွေ အကြမ်းတွေပေါ့။ အဲဟာတွေကျတော့ လုံးဝ ပျောက်သွားတာပေါ့။ အဲဒီလိုမျိုးတွေ တော်တော်ရှားရှားပါးပါး ဖြစ်သွားတယ်။ ဒီပြဿနာက ကုန်ထုတ်လုပ်မှုအပေါ် အနည်းနဲ့အများတော့ သွားထိခိုက်လာမှာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကြောင့် လူငယ်လူရွယ် လုပ်သားတွေ မရှိတော့တဲ့အတွက် လုပ် ငန်းအများစု တိုးချဲ့နိုင်ခြင်း မရှိတော့သလို ထုတ်လုပ်မှုတွေပါ ကျဆင်းလာတဲ့အတွက် နိုင်ငံရဲ့ GDP ပါ ထိခိုက်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်းဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း မဖြစ်မနေ အနည်းဆုံး ၂ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

လူငယ်လူရွယ်တွေ ပြည်ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ ထွက်ခွာမှုတွေ ရှိနေတာကြောင့် စစ်ကောင်စီက အမျိုးသားတွေကို တရားဝင်ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့် ယာယီရပ်ဆိုင်းလိုက်တယ်လို့ မေ ၁ ရက်နေ့မှာ ကြေညာလာပါတယ်။

ဒါပေမယ့် အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့် ရပ်ဆိုင်းမှုကြောင့် တရားမဝင် ပြည် ပ ထွက်ခွာမှုနှုန်း မြင့်တက်လာနိုင်တယ်လို့ အလုပ်သမားအရေးအဖွဲ့အစည်းတွေနဲ့ ကူညီဆောင်ရွက်နေသူတွေက သုံးသပ်ထားပါတယ်။

Most read this week

May 18, 2024
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့...
May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...
May 17, 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ...
May 16, 2024
နိုင်ငံတဝန်းမှာ တစ်ပတ်အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့...