မူဆယ်မြို့ စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီပေးရပြီး တိုကင်နံပါတ် သောင်းဂဏန်း စောင့်ဆိုင်းရ

မူဆယ်မြို့ စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီပေးရပြီး တိုကင်နံပါတ် သောင်းဂဏန်း စောင့်ဆိုင်းရ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် UID ခေါ် စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီ ပေးနေရပြီး နောက်နှစ်အထိ တိုကင်နံပါတ် သောင်းဂဏန်းကျော် စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်တွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက မှ အိမ်နီးချင်းနိုင်ငံ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ထွက်သွားလာခွင့်အတွက် UID ခေါ် စမတ်ကတ်ပါမှသာ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် (TBP/BP) လက်မှတ်များကို ထုတ်ပေးမည်ဟု ကြေညာခဲ့သည်။

၎င်းနောက်တွင် မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေး (လဝက) မှ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်ရှိ ပြည်သူများကို မူဆယ်မြို့ ငွေဆင်အိမ်ယာတွင် UID ခေါ် စမတ်ကတ် ပြုလုပ်ပေးလျက်ရှိရာ တုံကင်ရရှိရန် ကျပ်ငွေသိန်းချီ ပေးနေရပြီး နောက်နှစ်အထိ တိုကင်နံပါတ် သောင်းဂဏန်းကျော် စောင့်ဆိုင်းနေရကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“ အခုလုပ်ပေးနေတာဆိုရင် တိုကင်နံပါတ်က တစ်သောင်းကျော်အထိ ရှိတယ်။ တချို့ဆို နောက်နှစ် ဇန်နဝါရီလအထိ တုံကင်စောင့်ရတာမျိုး ဖြစ်တယ်။ စမတ်ကတ် မရရင်ကျတော့လဲ စာအုပ်အနီက လုပ်လို့မရပြန်ဘူး အဲ့လိုအခက်အခဲ ဖြစ်တာပေါ့။ အခုက စမတ်ကတ်ကော ထပ်လုပ်ရမယ်ဆိုတော့ တစ်ပူပေါ် နှစ်ပူဆင့်တာပေါ့”ဟု မူဆယ်မြို့နယ်မှ စမတ်ကတ်ပြုလုပ်ရန် ကိုယ်တိုင်စောင့်ဆိုင်းနေသည့် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စမတ်ကတ် အလျင်အမြန် ပြုလုပ်နိုင်ရန်အတွက် တိုကင်နံပါတ် နေရာရောင်းဝယ်ခြင်းနှင့် ပွဲစားများမှတဆင့် စုပြုံလုပ်ဆောင်နေကြခြင်းများလည်း ရှိနေပြီး တစ်ဦးလျှင် ကျပ်ငွေ ၂ သိန်းမှ ၁၅ သိန်းအထိ ဈေးပေါက်လျက်ရှိကာ ကြားပွဲစားနှင့် လဝက အရာရှိများ ပူးပေါင်းလုပ်ဆောင်နေကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

“ ကျနော်ဆိုရင် တုံကင်နံပါတ် ၆ ထောင်ကျော်ရတာ၊ ၉ လပိုင်းမှ လုပ်ရမှာ။ နယ်စပ်မှာ နေတဲ့လူကျတော့ စာအုပ်အနီ မရှိရင် ဘယ်လိုမှ ရှာစားလို့ မရဘူးလေ၊ လဝက တွေက ဒါကိုသိလို့ တမင်သက်သက် ညစ်ပတ်တာ။ ကျယ်ဂေါင် ဝင်ဖို့ စာအုပ်အနီ လုပ်တာလည်း စမတ်ကတ် မရှိလို့ ပယ်ခံရတာ လဝကရုံးရှေ့မှာတင် ရန်ဖြစ်ကြတယ်”ဟု မူဆယ်မြို့မှ ၎င်းဒေသခံ လူငယ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မူဆယ်မြို့တွင် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး စစ်ကောင်စီ လဝက မှ ရှေ့ပြေး လူဦးရေစာရင်း ကောက်ယူခြင်းနှင့် UID ခေါ် စမတ်ကတ်ကို စတင်လုပ်ဆောင်ပေးခဲ့ကာ ပြီးခဲ့သည့် မတ်လ လယ်ခန့်မှ စတင်ပြီး မူဆယ်နှင့်နမ့်ခမ်း လဝက ဝန်ထမ်းများ စုပေါင်းပြီး ငွေဆင်အိမ်ယာတွင် ပြန်လည်လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ ဝင်ရောက်နိုင်ရန်အတွက် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (စာအုပ်အနီ)ကို UID စမတ်ကတ် ရရှိပြီးသူများသာ လျှောက်လွှာလက်ခံ ဆောင်ရွက်နေပြီး လူဝင်မှုကြီးကြပ်ရေး လဝက အရာရှိများအနေဖြင့် စနစ်တကျ စီမံခန့်ခွဲပြီး ပြုလုပ်ပေးစေလိုကြောင်း မူဆယ်ဒေသခံများက ပြောသည်။

နယ်စပ်ရှိ လူအဝင်အထွက်ကို ထိန်းချုပ်လိုသည့် စစ်ကောင်စီ၏ ဧပြီလ ၄ ရက် ထုတ်ပြန်ချက်အရ တစ်ဘက်နိုင်ငံသို့ သွားရောက်လိုသူများအနေဖြင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP/BP) လက်မှတ်များ လျှောက်ထားရာတွင် မိမိမှတ်ပုံတင် မူရင်းနဲ့အတူ UID ခေါ် စမတ်ကတ် စာရွက်ပါ တစ်ပါတည်း ယူဆောင်သွားရမည်ဖြစ်သည်။

အလားတူ နိုင်ငံကူးလက်မှတ် ပက်စ်ပို့ ပြုလုပ်ရာတွင်လည်း UID ခေါ် စမတ်ကတ် စာရွက်ပါရှိမှသာ ပြုလုပ်ပေးတော့ကြောင်း သိရပြီး ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့တွင် ခရီးသွားမည့်သူများကို မှတ်ပုံတင်မိတ္တူများ တောင်းယူ၍ စမတ်ကတ် မလုပ်ရသေးသူများကို တစ်ခါတည်း လုပ်ဆောင်ပေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

Most read this week

May 18, 2024
သျှမ်းတောင်၊ ရွာငံမြို့နယ်တွင်ကျေးရွာ ဥက္ကဌ အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို...
May 17, 2024
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်တွေကြောင့်...
May 17, 2024
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မပေါက်ကွဲသည့် ဗုံးကို သွားရောက်ထိမိရာမှ...
May 16, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ကရင်နီဘက်မှရောက်ရှိလာသည့် စစ်ရှောင်များ...