“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့် အဓိကထား ဆွေးနွေးသွားမည်ဖြစ်သော (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ဩဂုတ်လ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပလျက်ရှိသည်။
အဆိုပါ ညီလာခံတွင် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၊ လက်နက်ကိုင် ပဋိပက္ခနှင့် လူသားချင်းစာနာမှု အရေး၊ နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ မြေရှားသတ္တု တူးဖော်မှု၊ တရားမဝင် စီးပွားရေး နှင့် ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု) စင်တာများ၊ ရွှေ့ပြောင်းအလုပ်သမားအရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စများ အပါအဝင် မြန်မာ့အနာဂတ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။
ယခု ညီလာခံသည် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး ၅ နှစ်အကြာတွင် ကျင်းပခြင်းဖြစ်ပြီး “ဒီနေရာကနေ မြန်မာ နိုင်ငံ ဘယ်လိုဆက်သွားမလဲဆိုတဲ့ မေးခွန်းကို ပေါ်ပေါက်စေပါတယ်” ဟု ICBMS ညီလာခံဥက္ကဋ္ဌ ဒေါက်တာ Chayan Vaddhanaphuti က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါက်တာ Chayan Vaddhanaphuti က “ဒီညီလာခံက အတိတ်က ပြဿနာတွေနဲ့ လက်ရှိ ပြဿနာတွေကိုပဲ ဆွေးနွေးရုံ မဟုတ်ဘဲ ရှေ့ကို ဘယ်လိုဆက်သွားနိုင်မလဲဆိုတာကိုပါ ဆွေးနွေးနိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ ဒီနိုင်ငံရေး အကူးအပြောင်းကာလကနေ ထွက်ပေါက်ကဘာလဲ” ဟု မေးခွန်းထုတ် ပြောဆိုခဲ့သည်။
လက်ရှိ (၅) ကြိမ်မြောက် ICBMS ညီလာခံသည် မြန်မာ့အရေးကို ပညာရှင်များ၏ သုတေသန ရှုထောင့်မှ ဆွေးနွေးသွားမည် သာမက မြန်မာနိုင်ငံ၏ နိုင်ငံရေး အကူးအပြောင်း၊ ပထဝီနိုင်ငံရေးနှင့် ပိုမိုကျယ်ပြန့်သော နိုင်ငံရေး အမြင်များ ဖလှယ်ရန်၊ ဘုံသဘောထားများ ရှာဖွေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက် ရန်အတွက် အရေးပါသည့် ပညာရပ်ဆိုင်ရာ ညီလာခံတစ်ခုဖြစ်သည်။
ယခု ညီလာခံသို့ တက်ရောက်ရန် စာရင်းပေးသွင်းထားသူ လူဦးရေ ၉၀၀ ကျော်ရှိပြီး၊ မြန်မာနိုင်ငံ၏ လက်ရှိ ပဋိပက္ခနှင့် အကျပ်အတည်းများကို ရှုထောင့်ပေါင်းစုံမှ ဆွေးနွေးနိုင်ရေး သုတေသနစာတမ်း အများအပြား တင်သွင်းထားကာ ခေါင်းစဉ်ခွဲ ၁၄ ခု ပါဝင်သည်။
ထို့ပြင် ညီလာခံ အဖွင့်ရက်ဖြစ်သည့် ဩဂုတ်လ ၁၄ ရက်နေ့တွင် စစ်အာဏာသိမ်းမှုကြောင့် ကြုံတွေ့လာရသည့် မြန်မာ့ပညာရေးဆိုင်ရာ စိန်ခေါ်မှုများအကြောင်း ရိုက်ကူးထားသော “Sayama (Teaching between Worlds)” ဇာတ်ကားနှင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာသည့် သျှမ်းလူငယ်အကြောင်း ရိုက်ကူးထားသည့် “Letter to a Friend” ဇာတ်ကားနှစ်ကားကိုလည်း ပြသခဲ့သည်။
မြန်မာ့အရေး လေ့လာမှုညီလာခံကို မြန်မာနှင့် ထိုင်း ပညာရှင်များ ပူးပေါင်း၍ ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ ခြင်း ဖြစ်သည်။







