နမ့်ခမ်း TNLA က နှစ်လနီးပါး ပိတ်ထားခဲ့သည့် တရုတ်-မြန်မာ နယ်စပ်ဂိတ် ပြန်ဖွင့်ပေး

နမ့်ခမ်း TNLA က နှစ်လနီးပါး ပိတ်ထားခဲ့သည့် တရုတ်-မြန်မာ နယ်စပ်ဂိတ် ပြန်ဖွင့်ပေး

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နှစ်လနီးပါး ပိတ်ထားခဲ့သည့် နောင်တောင်း နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ကြောင်း စုံစမ်းသိရသည်။

ဧပြီလ ၂၉ ရက်တွင် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ် ရွှေလီမြစ် တစ်ဘက်ကမ်းရှိ နောင်တောင်း-ပိန်းမိုင် နယ်စပ်ဂိတ်မှ ကုန်အဝင်အထွက် သီးသန့်ဂိတ်ကို TNLA တပ်ဖွဲ့က နှစ်လနီးပါးအကြာ ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“ မြန်မာဘက်ခြမ်းကတော့ နောင်ခမ်းပေါ့၊ တရုတ်ဘက်ကတော့ နောင်တောင်းပေါ့။ ဧပြီလ ၂၉ ရက်က ပြန်ဖွင့်တာဆိုတော့ အခုပြန်ဖွင့်တာ တစ်ပတ်လောက် ရှိပြီ။ အရင်လိုပဲ ကုန်အဝင်အထွက်ပဲ ရတာပေါ့၊ နောင်ခမ်းဂိတ်မှာက လူအဝင်အထွက် လုပ်လို့မရဘူးလေ။ မီးသွေးကားနဲ့ သတ္တုတင်တဲ့ ကားကြီးတွေလည်း တရုတ်ဘက်ကို ပြန်သွင်းနေပြီ”ဟု နမ့်ခမ်းမြို့မှ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်မှ စတင်ပြီး နမ့်ခမ်းမြို့နယ်ကို ထိန်းချုပ်ထားသည့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ မန်ဟောင်းနှင့် နောင်တောင်း စက်လှေဂိတ်များကို ကြိုတင်အသိပေးခြင်း မရှိဘဲ ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့ခြင်းကြောင့် တရုတ်နယ်စပ်ရှိ နောင်တောင်း-ပိန်းမိုင်ဂိတ်သို့လည်း မသွားရောက်နိုင်တော့ကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

“နောင်တောင်း နယ်စပ်ဂိတ်မှာက SSPP ကော TNLA ကော အတူတူ စောင့်နေတာက အရင်ကတည်းက ရှိနေတာပါ။ သွားလာကြည့်ရသလောက် ဆိုရင်တော့ အရင်ကထက် တခုခုတော့ ထူးခြားသလို ဖြစ်နေတာပေါ့”ဟု နမ့်ခမ်းမြို့မှ ၎င်းကုန်သည်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယခုပြန်လည်ဖွင့်လှစ်ပေးသည့် နောင်တောင်း နယ်စပ်ဂိတ်အနီးတွင် သျှမ်းတပ် SSPP/SSA နှင့် TNLA တပ်ဖွဲ့တို့အကြား ဧပြီလဆန်းပိုင်းက အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ ဆက်ဆံရေး တင်းမာခဲ့ခြင်းကြောင့် TNLA တပ်ဖွဲ့က ဧပြီလ ၅ ရက်တွင် ပိတ်ပစ်ခဲ့ကြောင်း ဧရာဝတီ သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ရေးသားဖော်ပြထားသည်။

နမ့်ခမ်းမြို့နယ်မှ ထွက်ရှိသည့် ကြံများကို ဇန်နဝါရီလမှ စတင်၍ နောင်တောင်း-ပိန်းမိုင် နယ်စပ်ဂိတ်ရှိ ကုန်အဝင်အထွက် သီးသန့်ဂိတ်မှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ TNLA တပ်ဖွဲ့မှ နယ်စပ်ဂိတ်ကို ရုတ်တရက် ပိတ်ပင်ခဲ့ခြင်းကြောင့် ကြံတောင်သူများမှာ နစ်နာဆုံးရှုံးခဲ့ရကြောင်း နမ့်ခမ်းဒေသခံ ကြံတောင်သူများထံမှ သိရသည်။

အလားတူ မေလ (၁) ရက်ကလည်း မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း မြန်မာဘက်ခြမ်းမှ ယခင်အသုံးပြုခဲ့သည့် စာအုပ်အနီဖြင့် ဝင်ထွက်သွားလာ၍ မရသေးဘဲ တရုတ်ဘက်ခြမ်းမှသာ အဝင်အထွက် ပြုလုပ်၍ ရကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...
April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...