၁၀၂၇ စစ်ဆင်ရေးသည် ပြည်သူတစ်ရပ်လုံးနှင့် တော်လှန်ရေးအဖွဲ့အစည်းများအတွက် သက်ရောက်မှုကြီးမားခဲ့ကြောင်း BNI-MPM သုံးသပ်

၁၀၂၇ စစ်ဆင်ရေးသည် ပြည်သူတစ်ရပ်လုံးနှင့် တော်လှန်ရေးအဖွဲ့အစည်းများအတွက် သက်ရောက်မှုကြီးမားခဲ့ကြောင်း BNI-MPM သုံးသပ်

ရှမ်းမြောက်ဒေသ ညီနောင်မဟာမိတ်(၃)ဖွဲ့ ဦးဆောင်သော ၁၀၂၇ စစ်ဆင်ရေးသည် နွေဦးတော်လှန်ရေးသာမက ပြည်သူတစ်ရပ်လုံးနှင့် တစ်နိုင်ငံလုံးရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအတွက် အရေးပါပြီး သက်ရောက်မှုကြီးမားခဲ့ကြောင်း နိုင်ငံတကာမြန်မာသတင်း-BNI ၏ မြန်မာ့ငြိမ်း ချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့-MPM က သုံးသပ်ဖော်ပြသည်။

ယနေ့ ဧပြီလ(၃၀)ရက်နေ့က အွန်လိုင်းဖြင့် ပြုလုပ်ကျင်းပပြီးစီးခဲ့သော BNI-MPM ၏ “၁၀၂၇ စစ်ဆင်ရေးနှင့်နွေဦးတော်လှန်ရေး လားရာ” အမည်ရှိ အထူးသုံးသပ်ချက်အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားအတွင်း ခုခံတော်လှန်စစ်အတွက် ၁၀၂၇ စစ်ဆင်ရေး၏အရေးပါမှုကဏ္ဍကို ထုတ်နုတ်ဖော်ပြရာတွင် BNI-MPM က သုံးသပ်ဖော်ပြထားခြင်းဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေးက စစ်အာဏာရှင်စနစ်အောက်ကနေလွတ်မြောက်လိုတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မြန်မာပြည်သူတစ်ရပ်လုံးအတွက် အရေးပါပြီး သက်ရောက်မှုကြီးခဲ့တယ် ။ ကရင်နီပြည်နယ်မှာ ၁၁၀၇ စစ်ဆင်ရေးနဲ့ ၁၁၁၁ စစ်ဆင်ရေးတွေ မြင်တွေ့ရသလို K3C နဲ့ NUG ကြားက ဗဟိုကွပ် ကဲရေးနဲ့ပူးပေါင်းညှိနှိုင်းရေးကော်မတီရဲ့စစ်ဒေသအလိုက် စခန်းသိမ်း မြို့သိမ်း စစ်ရေးဖော်ဆောင်မှုတွေကို မြင်တွေ့လာရတယ်” ဟု BNI ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက စာတမ်းမိတ်ဆက်ကဏ္ဍတွင် ပြောသည်။

ထို့အပြင် စစ်ဆင်ရေးစတင်ပြီးနောက် ကချင်၊ ချင်းနှင့်ကရင်ပြည်နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်-ERO နှင့် ဒေသကာကွယ်ရေးတပ်-PDF-LDF များ၏ ပူးပေါင်းစစ်ဆင်ရေးများကိုလည်း အရှိန်အဟုန်ဖြင့် မြင်တွေ့ လာရသလို စစ်ဆင်ရေးမစတင်မီနှင့်ပြီးနောက် (၅)လတာအတွင်း တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတို့အကြား တစ်နိုင်ငံလုံး တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို နှိုင်းယှဥ်ကြည့်ရာတွင်လည်း စစ်ဆင်ရေး ပြီးနောက် (၅)လတာ တိုက်ပွဲဖြစ်ပွားမှုက ပိုမိုများပြားကြောင်း BNI-MPM က မိတ်ဆက်ပွဲတွင် ဆိုထားသည်။

စစ်ဆင်ရေးကာလအတွင်း မြို့ပေါင်း(၅၂)မြို့အထိ တော်လှန်ရေးအင်အားစုများဘက်က ထိန်းချုပ်သိမ်း ပိုက်နိုင်ခဲ့ရာတွင် ညီနောင်မဟာမိတ်တို့က ရှမ်းမြောက်ဒေသနှင့်ရခိုင်ဒေသအတွင်းရှိ မြို့ပေါင်း(၂၈)မြို့ကို ထိန်း ချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီစခန်းကုန်းနှင့် စစ်ဌာနချုပ်ပေါင်း (၃၆)ခုကိုလည်း ရရှိခဲ့ကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီး မရှေးမနှောင်းမှာပင် ကရင်နီပြည်နယ်တွင်လည်း စစ်ကောင်စီထိန်းချုပ်ထားသော မြို့များကို သိမ်းပိုက်နိုင်ရေးနှင့် စစ်တပ်စခန်းများ ရရှိရေး ကရင်နီမဟာမိတ်ပူးပေါင်းတပ်များက စစ်ဆင်ရေးဖော် ဆောင်လှုပ်ရှားခဲ့ကြရာတွင် နွေဦးတော်လှန်ရေး၏အရှိန်အဟုန် ပိုမိုမြင့်တက်လာခဲ့သည်။

နွေဦးတော်လှန်ရေးအတွက် ၁၀၂၇ စစ်ဆင်ရေး၏အရေးပါမှုအပြင် နိုင်ငံရေးရည်မှန်းချက်များအပေါ် သက် ရောက်မှု၊ အခြားတော်လှန်ရေးအင်အားစုများ၏ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ပူးပေါင်းဟန်ချက်ညီမှုတို့ကို မြင်တွေ့ နိုင်ရန် ရည်ရွယ်ချက်ဖြင့် စစ်ဆင်ရေးစတင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် မတ်လ ကုန်အထိ ဖြစ်စဥ်နှင့်အချက်အလက်များကို စုဆောင်းတင်ပြထားခြင်းဖြစ်ကြောင်း BNI-MPM တာဝန်ရှိသူများက မိတ်ဆက်ပွဲတွင်ဆိုသည်။

ထို့အတူ ၎င်းတို့၏အစီရင်ခံစာတွင် ညီနောင်မဟာမိတ်(၃)ဖွဲ့ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကာလနောက်ပိုင်း နိုင်ငံအနှံ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေ၊ အရှိန်အဟုန်နှင့်အရွှေ့အပြောင်းများအား အသေးစိတ် လေ့လာသုံး သပ်ထားသလို ဟိုင်ဂင်သဘောတူညီချက်ဖြင့် တရုတ်အစိုးရ၏အခန်းကဏ္ဍအပါအဝင် စစ်ဆင်ရေးအပေါ် BNI-MPM ၏ လေ့လာသုံးသပ်ချက်နှင့် တိုက်တွန်းချက်များကိုလည်း ဖော်ပြထားခြင်းဖြစ်သည်။

သို့ရာတွင် စစ်ဆင်ရေးကိုအကြောင်းပြ၍ တစ်နိုင်ငံလုံးအတိုင်းအတာရှိ တော်လှန်ရေးအင်အားစုအားလုံး၏ ဟန်ချက်ညီစစ်ဆင်ရေးအသွင်မရောက်ရှိသေးဘဲ တန်းတူညီမျှမှုကိုအခြေပြုသော ERO များနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ-NUG၊ တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးသဘောတူညီချက်နှင့် ပူးပေါင်းဆောင်ရွက်မှု အမြန်ဆုံးရရှိစတင်နိုင်ရေးက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးထက် ပိုမိုကြပ်တည်းနေသည်ဟု BNI-MPM က ထောက်ပြသည်။

ထို့ကြောင့် သက်ဆိုင်ရာအစုအဖွဲ့များအနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီညွတ်မှု၊ စည်းလုံးမှုနှင့်ပူး ပေါင်းဆောင်ရွက်မှု၏ တော်လှန်ခွန်အားကို သင်ခန်းစာယူ၍ ညီညွတ်ရေးအကြပ်အတည်းကို အဖြေရှာသင့်သည်ဟုလည်း အစီရင်ခံစာတွင် ထည့်သွင်းတိုက်တွန်းထားသည်။

၂၀၁၃ ခုနှစ်မှ စတင်လာခဲ့သည့် BNI-MPM သည် ပဋိပက္ခဖြစ်စဥ်အတွင်း တိုက်ရိုက်ပါဝင်နေသောအကြောင်းအရာ၊ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ၏ငြိမ်းချမ်းရေးအရွေ့အပြောင်းနှင့်ဦးတည်ရာတို့ကို သိရှိနားလည်နိုင်ရန် ငြိမ်းချမ်း ရေးသုံးသပ်လေ့လာမှုစာအုပ်စာတမ်းများ ရေးသားထုတ်ဝေ၍ သုတေသနပြု စောင့်ကြည့်မှတ်တမ်းတင်နေသော အဖွဲ့တစ်ခုလည်း ဖြစ်သည်။

Photo: (BNI-MPM & Social Media)

Most read this week

May 17, 2024
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ကို နယ်ခြားစာင့်တပ်-BGF တပ်က...
May 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင်...
May 16, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...