ဘဝကို သုညကနေပြန်စရတော့မယ့် ရွှေ့ပြောင်းလယ်သမာကြီး မန်းဒုက္ခ

ဘဝကို သုညကနေပြန်စရတော့မယ့် ရွှေ့ပြောင်းလယ်သမာကြီး မန်းဒုက္ခ

စအိုင်ဆူး - “မိုးလင်းရင် (ရိတ်ထားသည့်စပါးများ)ချွေမယ်ဆိုပြီး အစာပြေစားနေကြတာ။ အစာပြေစားလို့တောင် မပြီးသေးဘူး၊ သေနတ်သံတွေကြားနေရတာ။ ဒို့တံတားဦး ဘက်ကလားဆိုပြီး နားထောင်နေကြတုန်း နာရီဝက် သာသာပတ်ဝန်းကျင်လည်းကျရော ကလေးတွေက ရောက်လာတာ။ အဖေရေ အိမ်မီးလောင်သွားပြီးတဲ့” ဟု စစ်ဘေးရှောင်နေရသည့် မန်းဒုက္ခ(အမည်လွဲ) က ပြန်ပြောင်းပြောပြသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်းတုန်းက ကော့ကရိတ်မြို့အတွင်း တိုက်ပွဲကြောင့် နေအိမ်များ မီးလောင်သွားခဲ့ကြောင်း မျက်လွှာကိုချထားကာ ဝမ်းနည်းရိပ်သန်းနေသည့် မျက်လုံးများဖြင့် မန်းဒုက္ခတစ်ယောက် နေအိမ်မီးလောင်သွားသည့် အဖြစ်အပျက်ကို ပြန်လည်ပြောပြနေခြင်းဖြစ်သည်။

မန်းဒုက္ခသည် ကော့ကရိတ်မြို့၊ တံတားဦးရပ်ကွက်အတွင်းရှိ နေအိမ် ၄လုံး ဆောက်ထားသည့် ခြံဝန်းတစ်ခုတွင် သားသမီး၊ သမက်၊ မြေး၊ မြစ်များဖြင့် စုပေါင်းနေထိုင်ကြသည်။ လယ်ပိုင်ယာပိုင်မရှိသည့်အတွက် ၎င်းတတ် ကျွမ်းရာ လယ်လုပ်ငန်းဖြင့် ဒေသခံများ၏ လယ်ဧက ၁၈ ဧကကို ငှားရမ်းလုပ်ကိုင်ကာအသက်မွေး ဝမ်းကျောင်း နေသည့် လယ်သမားကြီးတစ်ဦး ဖြစ်သည်။

အသက် (၆၀) နီးပါးရှိပြီးဖြစ်သည့် မန်းဒုက္ခသည် ကော့ကရိတ်ဒေသခံမဟုတ်ဘဲ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် က ကျေးလက်ဒေသခံလယ်သမားတစ်ဦးဖြစ်ပြီး စပါးအရှုံးပေါ်၍ ဇာတိမြေကိုစွန့်ကာ ကော့ကရိတ်တွင် လယ်ငှားလုပ်ရင်း ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်ရုန်းကန်ခဲ့ရသူလည်း ဖြစ်သည်။

ဇာတိမြေမဟုတ်သည့် ကော့ကရိတ်မြို့တွင် အခြေချနိုင်ရန် ဒေသခံလယ်ပိုင်ရှင်များ၏ လယ်မြေများကို ငှားရမ်း လုပ်ကိုင်ရင်း မိသားစုအလိုက် ကြိုးစားရုန်းကန်ခဲ့ခြင်းကြောင့်ပင် ၁၀ နှစ်တာကာလအတွင်း အိမ်ပိုင်ခြံပိုင် ဘဝအခြေအနေအထိ အခြေကျလာခဲ့သည်။

ကော့ကရိတ်သို့ ဆယ်စုနှစ်တစ်ခုကြာရောက်ရှိ နေထိုင်ရင်း ၎င်း၏ဦးဆောင်မှုဖြင့်ပင် ခြံဝန်းတစ်ခုကို ဝယ်ယူကာ ၎င်းအပါအဝင် မိသားစုဝင်များနေထိုင်နိုင်ရန် နေအိမ် ၄ လုံးအထိ ဆောက်လုပ်ပေးနိုင်ခဲ့ပြီး လယ်ပိုင် ယာပိုင်အခြေအနေထိ ဆက်လှမ်းနိုင်ရန်ကိုပါ မန်းဒုက္ခ တစ်ယောက် ရည်မှန်းထားခဲ့သည်။

သို့သော် သူမျှော်လင့်မထားသည့် ဒေသတွင်းစစ်ပွဲကြီးက အခြေကျနေသည့် ၎င်း၏ဘဝကို ဖျက်ဆီး သွားနိုင်ကြောင်း ရိပ်စားမိနေခဲ့သော်လည်း တိုက်ပွဲအဖြစ်အပျက်နှင့် အကျွမ်းဝင်မှုမရှိသည့် ဧရာဝတီတိုင်းသားကြီး မန်းဒုက္ခတစ်ယောက် အနှစ်နှစ်အလလ ရှာဖွေ စုဆောင်းခဲ့ရသည်များကို မီးပုံရှို့ခဲ့ရသလိုဖြစ်သွားကြောင်း ယခုလို ဆိုသည်။

“အိမ် ၄ လုံးစလုံး မီးလောင်သွားတယ်။ ကောက်ရိုးရုံနွားရုံ အကုန်လောင်တယ်။ ခြံစည်းရိုးတစ်ပတ်လည် အကုန်လောင်တယ်။ တခြားအိမ်တွေဘာမှမဖြစ်ဘူး။ ဒီအတွေ့ အကြုံလည်းမရှိဘူးဆိုတော့ အိမ်မှာရှိတဲ့ ပစ္စည်းတွေ အကုန်စုတင်ပြီး ပိတ်ထားတာပဲ။ နောက်ဆုံးတော့ အတွေ့အကြုံလည်းရှိရော မီးပုံရှို့တဲ့ အတွေ့အကြုံရှိသွားတယ်။” ဟု သူက မဲ့ပြုံးပြုံးနေရင်း ပြောပြသည်။

နေအိမ် မီးမလောင်ခင်က မန်းဒုက္ခတို့ မိသားစုအနေဖြင့် တိုက်ပွဲဖြစ်ပွားနေသည့်ကြားကပင် စိုက်ပျိုးထွန်ယက် ထားသည့် စပါးများကို အလျင်အမြန်ရိတ်သိမ်းကာ စပါးများကိုလည်း နေအိမ်အနီးနွားရုံတွင် သိမ်းဆည်း ထားခဲ့ပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့က ခေတ္တခဏတိမ်းရှောင်ခဲ့ကြသည်။

အဆိုပါ ကာလတွင်လည်း ကော့ကရိတ်မြို့တွင်းတိုက်ပွဲ ဖြစ်ပွားရန် တာဆူနေချိန်ဖြစ်နေပြီး ၎င်းတို့ နေထိုင်ရာ ရပ်ကွက်ဖြစ်သည့် တံတားဦးရပ်ကွက်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကို မကြာခဏ ဆိုသလို ကြုံ တွေ့နေကြရသည်။

ထို့အတွက် ကော့ကရိတ်မြို့ နှင့် နီးစပ်သည့် ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ် နယ်မြေတွင်းသို့ မိသားစုလိုက် စစ်ဘေးတိမ်းရှောင်လာခဲ့ကြရပြီး တိုက်ပွဲငြိမ်သက်သွားချိန်တွင် နေအိမ်ကို ပြန်ကြည့်ခွင့်ရချိန်မှာတော့ ဝမ်းနည်း ဖွယ်မြင်တွေ့ရသည့် ၎င်း၏ နေအိမ်မြင်ကွင်းကိုလည်း ယခုလိုပြောပြသည်။

“ဝင်လို့ရပြီးဆိုတော့ ၁၁ ရက်နေ့မှာ အိမ်ပြန်ဝင်ကြည့်တာ ထင်တာတော့ ကလေးတွေ အိမ်က ကျန်အုံးမယ်ပေါ့။ တစ်လုံး နဲ့ တစ်လုံးက ကွာနေတော့။ မကျန်ဘူး အကုန်လုံးလောင်တယ်။ အိမ်က ကွန်ကရစ်ငုတ်တိုင်တွေပဲတွေ့ ရတော့တယ်။” ဟု နောက်ဆုံးမြင်တွေ့ခဲ့ရသည့် အဖြစ်အပျက်ကို မန်းဒုက္ခက ပြောပြသည်။

မွေးရပ်မြေကိုစွန့်၍ ကော့ကရိတ်ကို အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ရောက်ရှိလာခဲ့ရပြီး ၎င်းကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သည့် လယ်ယာအတတ်ပညာဖြင့် မိသားစုဘဝအတွက် ရုန်းကန်ရှင်သန်ရင်း အိမ်မြေပိုင်ဆိုင်သည် အထိ ကြိုးစားနိုင်ခဲ့သော်လည်း အရာအားလုံးကို အစက ပြန်စရန် စစ်ပွဲကြီးက ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။

ကနဦးတွင် နေအိမ်မီးလောင်သွားသည်ဆိုသည့် သမီးဖြစ်သူ၏ အပြောကြောင့် ပြိုလဲမတတ်ခံစားခဲ့ရသည်ဟု မန်းဒုက္ခက ဆိုသည်။ သို့သော် မိသားစုကို ဦးဆောင်နေရသူပီပီ ရုပ်သဏ္ဍာန်ကို ဟန်လုပ်ပြီး မိသားစုဝင်များ အသက်ဘေးလွတ်မြောက် သွားသည်ကိုပဲ ကံကောင်းနေပြီးဟု သားသမီးများကို ဖြေသိမ့်ပေးခဲ့ရကြောင်း လည်း မန်းဒုက္ခက ပြောသည်။

လတ်တလောတွင် မန်းဒုက္ခသည် မိသားစုဝင် ၁၂ ဦးဖြင့် ကေအဲန်ယူ၊ တပ်မဟာ (၇) နယ်မြေ၊ နဘူးမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင်လာရောက် စစ်ရှောင်ခိုလှုံ နေထိုင်ကြပြီး ဒေသခံများနှင့် စစ်ဘေးရှောင် ကူညီသူ များ၏ ထောက်ပံ့မှုဖြင့် မီးလောင်ပြင်ထဲက နေအိမ်နေရာကို ပြန်နိုင်မည့် နေ့ရက်ကို စောင့်ဆိုင်းနေလျက် ရှိသည်။

အခြားသော စစ်ဘေးရှောင်နေရသူများနှင့်မတူဘဲ နေအိမ်မီးလောင်ခံခဲ့ရသလို ရိုးသားစွာ နေထိုင်လုပ်ကိုင်သည့် ဂုဏ်ရှိမှုကြောင့်လည်း ဒေသခံများ၏ စာနာသနားမှုကိုရရှိကာ အိမ်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသို့ ယာယီအလုပ်သွားရောက်လုပ်ကိုင်နေသည့် နေအိမ်အလွတ်တစ်လုံးတွင် ဒေသတာဝန်ရှိသူများက ခေတ္တယာယီနေရာချပေးထားသည်။

စစ်ဘေးရှောင်လာသည် ၄ လနီးပါးကာလအတွင်း စစ်ဘေးရှောင်ကူညီသူများ၏ ကူညီထောက်ပံ့မှုကြောင့် ယာယီ အားဖြင့် အဆင်ပြေနေသော်လည်း ဝင်ငွေမရှိသောကြောင့် ဒေသခံများ၏ အကူအညီဖြင့် အင်ဖက်ထိုးသည့် အတတ်ပညာကိုသင်ကြားကာ မိသားစုအပိုဝင်ငွေရအောင်လည်း တစ်ဖက်တစ်လမ်းက ရှာဖွေကြရသည်ဟု ဆိုသည်။

“ဘယ်ဟာမှ မိဘဝမ်းထဲကနေတတ်ပြီး ထွက်လာတာမဟုတ်ဘူးဆိုပြီး သားအဖတွေ တိုင်ပင်ပြီးတော့ ဖက် ကောက်ပြီးထိုးတယ်။ ပြီးရင်ရောင်း စျေးသုံးလေးလုပ်ကြတာပေါ့။ ဝင်ငွေနည်းပေမဲ့ နည်းနည်းတော့ ခံသာ သွားတာပေါ့။ သူများလှူတာ တန်းတာနဲ့ ဝင်ငွေလေးနဲ့ဆိုတော့လည်း ဣန္ဒြေမပျက်တော့ ခြိုးခြံချွေတာ စားနေရတာပေါ့လေ” ဟု မန်းဒုက္ခက လတ်တလောအခြေအနေကို ပြောပြသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းမှစပြီး ကော့ကရိတ်မြို့တွင်းတိုက်ပွဲ ပြင်းထန်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၄ လ နီးပါး ကြာသည်အထိ မြို့ကိုတိုက်ခိုက် သိမ်းပိုက်နိုင်ခြင်းမျိုး မလုပ်ဆောင်နိုင်ခဲ့သလို စစ်ကောင်စီဘက်ကလည်း မြို့ကို လက်မလွတ်ရအရေး လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် အပြင်းအထန်ခုခံ ကာကွယ်ထားသည်။

မြို့တွင်းတိုက်ပွဲ စဖြစ်သည့်ရက်မှစပြီး ၃လနီးပါးအတွင်း မန်းဒုက္ခ၏ နေအိမ်များအပါအဝင် ကော့ကရိတ်မြို့၏ ရပ်ကွက် ၇ ခုရှိ နေအိမ် ၅၀၀ နီးပါး မီးလောင်ပျက်စီးသွားခဲ့သည်။  အလားတူ တိုက်ပွဲကြောင့်ပင် ဒေသခံ ကလေးငယ်များအပါအဝင် ဒေသခံအရပ်သားအများအပြားလည်း ထိခိုက်သေဆုံးခဲ့ရပြီး သောင်းနှင့်ချီသည့် ဒေသခံများမှာ နီးစပ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရဆဲဖြစ်သည်။

ဒေသတွင်း စစ်ဘေးရှောင် ကူညီသူများ၏ ကောက်ခံထားသည့် စာရင်းများအရ လတ်တလော မန်းဒုက္ခတို့ လာရောက် တိမ်းရှောင်ရာ နဘူးမြို့နယ်နှင့် ဒုံရင်းမြို့ နယ်အတွင်း စစ်ဘေးရှောင် ဦးရေ (၁၄,၄၃၀)ဦးရှိသည်။ ၎င်းတို့ကို ပြည်တွင်းနေရပ်ခွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ-CIDKP အပါအဝင် ဒေသတွင်း ကေအဲန်ယူ တာဝန်ရှိသူများက ကြည့်ရှုစောင့်ရှောက်ထားသည်။

အလားတူ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် World Food Program (WFP) အပါအဝင် အခြားသော လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်းရရှိသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်သောကြောင့် ရေရှည်အတွက် အခက်အခဲများရှိလာနိုင်ကြောင်းလည်း စစ်ရှောင်ကူညီသူများက ပြောဆို ကြသည်။

မန်းဒုက္ခနည်းတူ နေအိမ်မီးလောင်ခံရသူများလည်း အများအပြား စစ်ဘေးရှောင်နေကြရဆဲဖြစ်ပြီး နေရပ်ပြန် နိုင်မည့်ရက်ကို စောင့်မျှော်နေကြသည်။ သို့သော် အများစုမှာ ပိုင်ဆိုင်မှုများဆုံးရှုံးလိုက်ရပြီးဖြစ်သောကြောင့် ဘဝကို အစက ပြန်လည်တည်ဆောက်ကြရမည့် အခြေအနေတွင် ရှိနေသည်။

ယခုလိုအဖြစ်ဆိုးများကို ကြုံတွေ့ခဲ့ရသော်လည်း မန်းဒုက္ခတစ်ယောက်အနေဖြင့် မည်သည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်ကြောင့်ရယ်ဆိုပြီး အပြစ်မမြင်ဘဲ အခြေအနေအားလုံး ပြန်လည်တည်ငြိမ်သွားသည့်အချိန်ကိုသာ စောင့်မျှော်နေကာ မိသားစုနှင့်အတူ ပြန်လည်လုပ်ကိုင်စားသောက်ခွင့်ရလျှင်ပင်ဖြင့် ကျေနပ်ပြီးဖြစ်ကြောင်း မန်းဒုက္ခက ပြောသည်။

“သုညကနေ ပြန်စရမှာပေါ့ဗျာ။ အဓိကက အခြေအနေ ပြန်ကောင်းဖို့ပဲ လိုတယ်။ ပြည်သူတွေဆိုတာက ထားရာ နေ စေရာသွားဘဝတွေပဲဆိုတော့ နောက်ဆုံးမှာ အေးအေးဆေးဆေး နေရရင်တော်ပါပြီ။ ဘာမှမရှိတဲ့ ဘဝကနေ စခဲ့ရတယ်။ အခု ပြန်သွားခဲ့ရရင်လည်း ဒါကနေပဲ ပြန်စရမှာပေါ့” ဟု မန်းဒုက္ခက ဆိုပါလေ တော့သည်။

Most read this week

May 8, 2024
ဖားအံမြို့ရှိ စစ်ကောင်စီဝန်ထမ်းများကို ဌာနဆိုင်ရာ အကြီးအကဲများက ကြိုတင်အသိပေးခြင်းမရှိဘဲ...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့်...
May 7, 2024
ကော့ကရိတ်မြို့ မြောက်ပိုင်း စော်ဟဲကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၆ရက်၊ ယမန်နေ့ညနေပိုင်းတွင်...
May 6, 2024
မြဝတီမြို့သို့ ဦးတည်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး...