လူမြင်ကွင်းက ပျောက်ကွယ်နေတဲ့ ဒုစစ်ခေါင်းဆောင် ရတခစစ်ဌာနချုပ်မှာ ဆက်ရှိနေ

လူမြင်ကွင်းက ပျောက်ကွယ်နေတဲ့ ဒုစစ်ခေါင်းဆောင် ရတခစစ်ဌာနချုပ်မှာ ဆက်ရှိနေ

လူမြင်ကွင်းကနေ သုံးပတ်ကျော်ကြာ ပျောက်ကွယ်နေတဲ့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ ဆက်ရှိနေတယ်လို့ သံလွင်တိုင်းမ်ရဲ့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

လူမြင်ကွင်းက ပျောက်ကွယ်မှုကြောင့် သတင်းအမျိုးမျိုးထွက်ပေါ်နေတဲ့ ဒုစစ်ခေါင်းဆောင်ဟာ လက်ရှိမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းက တိုက်ပွဲတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အ ရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာအထိုင်ချပြီး စစ်ဆင်ရေးညွှန်ကြားနေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ်ဇာတိသားဖြစ်တဲ့ ဒုစစ်ခေါင်းဆောင်ဟာ မြဝတီမြို့ ပြန်လည်ရရှိဖို့အတွက် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးကို သူတို့ကိုယ်တိုင် ကိုင်တွယ်နေတာဖြစ်ပြီး မွန်ပြည်နယ်တိုက်ပွဲတွေကိုလည်း တိုက်ရိုက်ညွှန်ကြားနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

တပ်တွင်းသတင်းရင်းမြစ်တစ်ဦးကတော့ ဒုစစ်ခေါင်းဆောင်ဟာ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး)နဲ့အတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ အထိုင်ချပြီး စစ်ဆင်ရေးကို အဓိကကွပ်ကဲနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တိုင်းထဲမှာပဲ ရှိတယ်။ ဘယ်မှ မသွားဘူး။ သူနဲ့အတူတူ ကစထမှူးလည်းရှိတယ်။ အရင်လက်နက် ချလို့ ပြန်လာတဲ့ အဖွဲ့တွေတောင်မှပဲ အခုရှေ့တန်း ပြန်လွှတ်နေပြီ။ လက်နက်ပြန်တပ်ပေးပြီးတော့၊ အစကတည်းက ဘာမှမထိပါဘူးဆို၊ မထိဘဲနဲ့ အဲဒီမှာစစ်ဆင်ရေး ကွပ်ကဲနေတယ်။ အစထဲက အခုချိန်ထိတိုင်းမှာပဲ စစ်ဆင်ရေးကွပ်ကဲနေတယ်”လို့ ဆိုပါတယ်။

လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ဒုစစ်ခေါင်းဆောင်ဟာ လုံခြုံရေးနဲ့ကာကွယ်ရေး တာဝန်တွေ ဆက်လက်ထမ်းဆောင်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားတာ ဖြစ်ပါတယ်။

တပ်တွင်းသတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ ဒုစစ်ခေါင်းဆောင်ဟာ မြဝတီမြို့ ပြန်လည်ရရှိရေးအတွက် နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနဲ့ အပေး အယူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“အဓိကက စောချစ်သူနဲ့ ညှိနေတာပေါ့။ စောချစ်သူက ဂျိူကာပေါ့။ စောချစ်သူကိုရတဲ့သူက ဒီစစ်ကိုနိုင်မှာ။ တပ်ကလည်း စောချစ်သူကို အပိုင်ကိုင်ထားတာပေါ့။ သူရဲ့လက်ရှိလုပ်နေတဲ့ ကျားဖြန့်တွေနဲ့ ပတ်သက်ပြီးတော့ အများကြီးပဲလေ လုပ်နေတာ။ ကျားဖြန့်တွေနဲ့ ပတ်သက်ပြီး အရေးမယူဘူးဆိုတဲ့ ပုံစံနဲ့ညှိလိုက်တာပေါ့။ အခုက မြဝတီကို ပြန်ရသွားပြီးဆိုတဲ့သဘောမျိုး ဖြစ်သွားတာပေါ့။ စောချစ်သူရရင် မြဝတီပြန်ရတာပဲလေ။ နောက်ဆုံးကျတော့ အကျိုးစီးပွားနဲ့ပဲ ဆွဲဆောင်စည်း ရုံးလိုက်တဲ့ အခါကျတော့ ပြန်ပါသွားတာပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ဒုခေါင်းဆောင်ဟာ မြဝတီမြို့ကို အလုံးစုံပြန်လည်ထိန်းချုပ်ပြီး ဝန်ထမ်းယန္တရားတွေ ပြန်လည် လည်ပတ်နိုင်အောင် ဆက်လက်ညှိနှိုင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒုစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သတင်းတွေ ထွက်ပေါ်မှုကို စစ်တပ်ဘက်က ငြင်းဆိုထားပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သံ လွင်တိုင်းမ်အနေနဲ့လည်း သီးခြားအတည်မပြုနိုင်ပါဘူး။

ဒုစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဗထူးမြို့မှာ ပြုလုပ်တဲ့ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၁၂၇ သင်တန်း ဆင်းပွဲပြီးနောက် လူမြင်ကွင်းကနေ ဒီကနေ့ ထိပျောက်ကွယ်နေတာ ဖြစ်ပါ တယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...