ရွှေကုက္ကိုလ်မြို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ပြန်လည်ပတ်နေ

ရွှေကုက္ကိုလ်မြို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ပြန်လည်ပတ်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် ရပ်နားထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျား ဖြန့်)များ ပြီးခဲ့သည့် မတ်လမှစ၍ ပြန်လည်စတင်လည်ပတ်လုပ်ကိုင်လာနေကြောင်း ရွှေကုက္ကိုလ်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ အွန်လိုင်းငွေလိမ်လုပ်ငန်းကုမ္ပဏီအများစု ရပ်နားထားရာမှ ယခင်လမှစ၍ လုပ်ငန်းအတွက် လူသစ်ခေါ်ယူ စုဆောင်းမှုများနှင့် တရုတ်နိုင်ငံသားများနှင့် ရှမ်းပြည်နယ်မ ြောက်ပိုင်း လောက်ကိုင်ဒေသခံမှအလုပ်သမားများ ပြန်လည်ဝင်ရောက်လာကြကြောင်း ရွှေကုက္ကိုလ် ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကုက္ကိုလ်မှာ ကွန်ပျူတာနှိပ်သမားတွေရော၊ တရုတ်တွေရော ပုံမှန်သွားလာနေကြပြီး။ အရင်လ တွေက တော့ တိုက်ပွဲသတင်းတွေရော ဆင်းကဒ်တွေပိတ်ခံရလို့ အလုပ်ပါးပြီး တရုတ်တွေနည်းသွားတာ အခုပုံမှန် တိုင်းဖြစ်နေပြီး။ ကာစီနိုတွေလည်း ပိုများလာတယ်။ လူအသစ်တွေလာလျှောက်ကြဖို့လည်း ခေါ်နေတယ်။ လောက်ကိုင်ဘက်ကရော နယ်စပ်တွေဘက်ကလူတွေ ကုက္ကိုလ်ဘက်ကို လာကြတယ်။ တရုတ်ဆိုက်နဲ့အိမ် တန်းရားဘက်တွေမှာ မီးပြန်လာနေပြီး။ ပြောရမယ်ဆိုရင် အကုန်ပြန်လည်ပတ်လာပြီးပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်းသည် မြဝတီမြို့နယ်စပ်ဘက်ခြမ်းနှင့် ရွှေကုက္ကိုလ်မြို့အပြင်ဘက်ကို ၂ ခြမ်းခွဲ၍ လုပ်ငန်းများလုပ်ကိုင်နေရာမှ လက်ရှိတွင် ရွှေကုက္ကိုလ်မြို့ထဲသို့ လုပ်ငန်းပြန်လည်ပြောင်းရွှေ့လာပြီး ကာစီနို အဆောက်အဦးများလည်း ဆောက်လုပ်နေလျက်ရှိကြောင်း အွန်လိုင်းကျားဖြန့်လုပ်ငန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းအပြင် ရွှေကုက္ကိုလ်မြို့နှင့်မြဝတီမြို့ပြင်ဘက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ပြောင်းရွှေ့ လုပ်ကိုင်ရခြင်း သည် ကုက္ကိုလ်မြို့တွင်မှာသာ အလုပ်သက်သာမှုရှိပြီး ဝင်ထွက်သွားလာမှု လွယ်ကူကာ နှိပ်စက်ရိုက်နှက်ခံရမှုများ မရှိကြောင်း အမည်မဖော်လိုသူ အွန်လိုင်းငွေလိမ်လုပ်ငန်းအလုပ်သမားတစ်ဦးက ယခုလို ပြောသည်။

“ လခက တစ်သောင်းငါးထောင်ရတယ်။ တစ်ခါ တစ်လ ၁၀ ရက်လောက်နဲ့ ပိုက်ဆံထုတ်ပေးတာလည်း ရှိတယ်။ အစမ်းခန့်တာ ရက် ၂၀။ အလုပ်က ည ၉ နာရီကနေ မနက် ၉ နာရီအထိ။ ကွန်ပျူတာမှာ အကောင့်ဟက် ရတယ်။ တချို့တလေ အဝေးကလူတွေကတော့ နှိပ်စက်ခံထိတယ်။ ကုက္ကိုလ်ကလူတွေကျ တော့ဘာမှ မလုပ်ဘူး။ အပြင်ကိုပေးမထွက်ဘူး။ အခန်းတွေထဲမှာပဲ နေရတယ်။ ဖုန်းကိုင်မရဘူး။ ကွန်ပျူတာ ကိုင်တဲ့သူတွေက ကုက္ကိုလ်ထဲမှာပဲ အလုပ်ရှာတာများတယ်။ အပြင်မှာကျ ဘယ်သူမှမလုပ်ချင်ဘူး။ စည်းကမ်းချက်များတယ် ” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးအနားတစ်ဝိုက်ရှိ ကာစီနိုလုပ်ငန်းများရှိရာ မင်းလက်ပံ၊ ရွှေကုက္ကိုလ်၊ အင်းကြင်းမြိုင် စသည့်နေရာများကို လျှပ်စစ်မီးဖြတ်တောက်လိုက်သော်လည်း  တရုတ်ကျားဖြန့်လုပ်ငန်းသည် ဆိုလာ၊ မီးစက်များကိုအသုံးပြုလည်ပတ်နေပြီး ဒေသခံပြည်သူလူထုများပင်သာ အလုပ်အကိုင်နေထိုင်ရေး ခက်ခဲမှုများရှိလာသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN အဖွဲ့မှ ပြောခွင့်ရသူ စောလေးကပေါ်က ထောက်ပြပြောဆိုသည်။

စောလေးကပေါ်က“ ပြီးခဲ့တဲ့လတွေက တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတော့ သူတို့ခဏနားတာပဲထင်တယ်။ ဘာဖြစ်လိုလဲဆိုတော့ အဲ့တုန်းကကြားရတာက စကစက သူတို့ကိုဗုံးကြဲမယ်။ အဲ့လိုအနေအထားမျိုး ကြောင့်မို့ပဲထင်တယ်။ အခုကျတော့ သူတို့ကညှိနှိုင်းပြီးသွားပြီးလေ။ ဖြစ်သွားပြီးဆိုတော့ ပုံမှန်တိုင်း ပဲပြန်ဖြစ်တာပေါ့။ တိုက်ပွဲတွေငြိမ်သွားပြီး နားလည်မှုလည်းပြန်ရပြီးဆိုတော့ ဒီထက်ပိုပြီးတော့မှ ဆက်သွားဖို့ပဲ ရှိမယ်လို့ထင်တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ထိုင်း−မြန်မာနယ်စပ်တလျှောက်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း နှင့် ကာစီနိုလောင်းကစားရုံများ အများဆုံးရှိသည့် ရွှေကုက္ကိုလ်နှင့် အင်ကြင်းမြိုင်စသည့် နေရာများကို ထိုင်းနိုင်ငံ ဘက်ခြမ်းမှ လျှပ်စစ်ဓာတ်အားဖြတ်တောက်လိုက်ခြင်းကြောင့် ထိုနေရာတွင် အလုပ်အကိုင်နည်းပါးလာပြီး လုပ်ငန်းတချို့လည်း ရပ်တန့်ခဲ့ရသည်။

တရုတ်နိုင်ငံမှ ရှမ်းမြောက်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများအပေါ် နှိမ်နင်းရှင်းလင်းမှုများရှိလာခြင်းကြောင့် ရွှေကုက္ကိုလ်ဒေသတွင် လုပ်ငန်းလည်ပတ်မှုကို ယာယီသဘောမျိုးရပ်ဆိုင်းထားခဲ့ရာမှ ယခုလို လုပ်ငန်း လည်ပတ်မှုများ ပြန်လည်စတင်လာခြင်းလည်းဖြစ်သည်ဟု စောင့်ကြည့်လေ့လာသူများက ပြောသည်။

Most read this week

May 6, 2024
မြဝတီမြို့သို့ ဦးတည်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး...
May 6, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဒေသတဝိုက်နှင့် ရွှေကုက္ကိုလ်အပါအဝင် အွန်လိုင်း(Online) လုပ်ငန်းလုပ်...
May 3, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ဝင်းရေးမြို့နယ်...
May 3, 2024
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်ကျော် ကာလအတွင်း ကရင်နီ(ကယား)ပြည်တွင် စစ်...