ကော့ကရိတ်တွင် စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံးများဖြင့် တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင် ၃၀ ခန့် အဆိပ်သင့်

ကော့ကရိတ်တွင် စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံးများဖြင့် တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင် ၃၀ ခန့် အဆိပ်သင့်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့်နေရာများကို စစ်ကောင်စီတပ်က လေ ကြောင်းမှတစ်ဆင့် ဓာတုအဆိပ်ဗုံးများကို အသုံးပြုတိုက်ခိုက်လာခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင် ၃၀ ခန့် ဓါတုအဆိပ်သင့်ခဲ့ကြောင်း JOKER COLUMN တပ်ဖွဲ့ဝင်ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ယခင်က တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် တော်လှန်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆရသော နေရာများကို ပေါင် ၅၀၀ ဗုံးသီးများ၊ ဟောင်ဝှစ်ဇာအမြောက်များအပြင် လက်ရှိတွင် ဓာတုအဆိပ်ဗုံးများကိုပါ အသုံးပြုတိုက်ခိုက်လာခြင်းဖြစ်ကြောင်း JOKER COLUMN ၏ တပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

၎င်းက “သူတို့အရင်ကတော့ အဆိပ်ဗုံးတွေ တစ်ခါတစ်လေမှပဲ သုံးတယ်။ အခုကသူတို့ ဓာတု အဆိပ် ဗုံးနဲ့ကြဲချတော့ ကျနော့်ရဲဘော်တွေမူးလဲကျပြီးအသက်ရှူမဝကြဘူး။ ထမင်းလည်း မစားနိုင်ကြဘူး။ ဗုံးအားက မီတာ ၈၀၀ အထိပြန့်တယ်။ ကျနော်တို့ဘက် ရဲဘော်အယောက် ၃၀ လောက်မူး ပြီးတော့ အော့အန်တာ တွေဖြစ်တယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ယခုလို ဓာတုအဆိပ်ငွေ့ပါသည့် ဗုံးများကို အသုံးပြု တိုက်ခိုက်လာရာတွင် Gas Mask များမရှိသောကြောင့် ထိခိုက်မှုများ ကြုံတွေ့ရပြီး လက်ရှိတွင်လည်း ၎င်းဓါတုအဆိပ်ဗုံးကို ကာကွယ်နိုင်မည့် Gas Mask များ လိုအပ်လာကြောင်းလည်း ၎င်းတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

၄လ နီးပါး ကြာမြင့်လာသည့် ကော့ကရိတ်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်က စစ်တပ်တပ်စွဲ ထားသည့် ကော့ကရိတ်မြို့ပေါ်အချို့နေရာများကို သိမ်းပိုက်ထားနိုင်ခဲ့သော်လည်း ဧပြီလ(၁၁ )ရက်နေ့မှစ၍ မြဝတီမြို့သို့ စစ်ကူပေးရန် အင်အားအများအပြားဖြင့် တက်လာသော စစ်ကောင်စီစစ်ကြောင်း၏ အပြင်းအထန် ထိုးဖောက်တိုက်ခိုက်မှုကြောင့် လတ်တလောတွင် မြို့တွင်းမှ ယာယီဆုတ်ခွာထားပေးရကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

စစ်ကောင်စီဘက်မှ ဓါတု အဆိပ်ဗုံးအသုံးပြု တိုက်ခိုက်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ပြောဆိုမှု နှင့်ပတ် သက်ပြီး ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သလို သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ တရားဝင်အတည်ပြု ထုတ်ပြန်လာခြင်းမရှိသေးပေ။

အလားတူ လက်တလောတွင် ကော့ကရိတ်၊ ကျုံဒိုး၊ မြဝတီ၊‌ ဝေါလေမြိုင် ဒေသဘက်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အတွဲလိုက်ပစ် ရော့ကက်ဒုံးမျာ အသုံးပြုတိုက်ခိုက်နေသလို ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်မှုများပါ ပြုလုပ်လာသောကြောင့် နေအိမ်မီးလောင်ပျက်စီးမှုနှင့် အရပ်သား ထိခိုက်သေဆုံးမှုများဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

Most read this week

May 3, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ဝင်းရေးမြို့နယ်...
May 3, 2024
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်ကျော် ကာလအတွင်း ကရင်နီ(ကယား)ပြည်တွင် စစ်...
May 2, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် (၁၃)မိုင်တွင် မေလ(၁)ရက်နေ့က စစ်ကောင်စီနှင့်...
May 2, 2024
စစ်အာဏာရှင် စနစ်ဆိုးကြောင့် အလုပ်သမားများအနေဖြင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့် အရေးချိုး...