စစ်ကောင်စီ၏ ထောင်ချောက်တွင်း မကျရောက်စေရန် မြဝတီမြို့မှ ရှောင်ထွက်သွားရခြင်းဖြစ်ကြောင်း KNU ပြော

စစ်ကောင်စီ၏ ထောင်ချောက်တွင်း မကျရောက်စေရန် မြဝတီမြို့မှ ရှောင်ထွက်သွားရခြင်းဖြစ်ကြောင်း KNU ပြော

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များ မြဝတီမြို့စောင့်တပ် စစ် ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၇၅ ကို သိမ်းပိုက်ထားနိုင်ခဲ့ရာမှ လက်ရှိပြန်လည်လက်လွှတ်ခဲ့ရသည့် အခြေ အနေအပေါ် KNU အနေဖြင့် စစ်ကောင်စီ၏ ထောင်ချောက်အတွင်း မကျရောက်စေရေး ရှောင်ထွက်သွားခြင်း ဖြစ်သည်ဟု အဖွဲ့ပြောခွင့်ရ ပဒိုစောတောနီးက ပြောသည်။

KNLA ပူးပေါင်းတပ်များ မြဝတီမြို့ ချစ်ကြည်ရေးအမှတ်(၂)တံတားမှ ဧပြီလ(၂၁)ရက်နေ့တွင် ဆုတ်ခွာ သွားပြီး နောက် နယ်ခြားစောင့်တပ်-BGF အကူအညီဖြင့် ခလရ-၂၇၅ တွင် စစ်ကောင်စီတပ် ပြန်ထိုင်ထားနိုင်သလို ခလရ-၂၇၅ နေရာမှ သင်္ဃန်းညီနောင်စစ်ဗျူဟာ တံတားထိပ်အထိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာနိုင်ခြင်း ဖြစ်သည်။

အထက်ပါအခြေအနေနှင့် KNLA စိုးမိုးထားနိုင်သော နေရာအချို့မှ တပ်ပြန်ဆုတ်ခွာထားသည့်အပေါ် ကရင် လက်နက်ကိုင်ခေါင်းဆောင်နှင့်စစ်ဘက်တာဝန်ရှိသူအချို့အား လူထုဝေဖန်မှုမြင့်တက်လျက်ရှိအခြေအနေတွင် KNU-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောတောနီးက ယခုလို ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“အဓိကအချက်ကတော့ စစ်ကောင်စီဖန်တီးနေတဲ့ထောင်ချောက်ကို မကျဆင်းရေးအတွက် ခုန်မဆင်းရေးအတွက် ကျနော်တို့ရှောင်ထွက်သွားရတာပဲဖြစ်တယ်။ ဒုတိယအချက်ကတော့ စစ်အာဏာရှင် စနစ်နဲ့ဘယ် အာဏာရှင်စနစ်ကိုမဆို ကျနော်တို့အပြီးတိုင်ချုပ်ငြိမ်းအောင် တိုက်ဖျက်ရမယ်။ ဒါပေမဲ့ ဒီအချိန်ကာလမှာ ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ စစ်အာဏာရှင်နဲ့ပူးပေါင်းသွားတာကိုတော့ ကျနော်တို့ ဘက်က ဘာမှပြောစရာမရှိပါဘူး။” ဟု ပဒိုစောတောနီးက ပြောသည်။

ထို့အပြင် KNU အနေဖြင့် စစ်ကောင်စီဘက်က ထိုးစစ်ဆင် စစ်ကူပေးလာမှုများအား မိမိတို့ရှိနေသည့်အင်အားဖြင့် ပြတ်ပြတ်သားသား တိုက်ခိုက်လျက်ရှိသည်ဟုလည်း ကေအဲန်ယူ ပြောခွင့်ရက ဖြည့်စွက်ပြောသည်။

ဧပြီလ(၁၁)ရက်နေ့က သိမ်းယူနိုင်ခဲ့သော ခလရ-၂၇၅ မှ ကျန်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များအား KNLA ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်ခဲ့သော်လည်း မြဝတီမြို့အတွင်းအပြင်သို့  စစ်ကောင်စီက (၂)ရက်ကြာ‌ လေကြောင်းပစ်ခတ်မှုများ လုပ်ဆောင်လာသည်တွင် လူထုထိခိုက်နစ်နာမှုရှိမည်ကို စိုးရိမ်ပြီး ပူးပေါင်းတပ်များ မြဝတီမှ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်ဟု KNU က ဆိုထားသည်။

စစ်ကောင်စီက အောင်ဇေယျ စစ်ဆင်ရေးအမည်ဖြင့် အင်အားသုံးထိုးစစ်ဆင်လာသည့် မြဝတီမြို့ ပြန်လည်ရရှိရေးအပေါ် KNU ၏ စစ်ရေးကိုင်တွယ်ပုံနှင့်ပတ်သက်၍ လူမှုကွန်ရက်သုံးစွဲသူများနှင့် အကဲခတ်လေ့လာသူများအကြား ဝေဖန်စောင့်ကြည့်မှုများစွာ ရှိနေသည်။

ထိုအခြေအနေအပေါ် ကရင့်နိုင်ငံရေးသုံးသပ်သူတစ်ဦးက “ စစ်ကောင်စီကလည်း မညံ့ပါဘူး။ မြဝတီကို ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ ဆုံးရှုံးလိုက်ရတော့မယ်ဆိုတဲ့အချိန်မှာ BGF သာ မကယ်တော့ဘူးဆိုရင် KNU နဲ့ညှိပြီးတော့ မှန်းကြည့်တာပေါ့ဗျာ မြောက်ပိုင်းလို ၇၀-၃၀ ဆိုတဲ့အနေအထားနဲ့ပေါ့။ BGF သာ ဒီနေ့လိုအခြေအနေမျိုးထိ မဆောင်ရွက်ပေးနိုင်သေးဘူးဆိုရင်တော့ စစ်ကောင်စီက KNU နဲ့ ညှိပြီးတော့ လုပ်ပိုင်ခွင့်ပြန်ပေးဖို့ ပြင်ဆင်ထားပြီးသားဖြစ်တယ်ဆိုတော့ဒီလိုဖြစ်လာတာ အံ့အားသင့်စရာမရှိဘူးဆိုတာ ပြောချင်တယ်။” ဟု သုံးသပ်ပြောဆိုသည်။

တဖက်တွင်လည်း ဒေါနတောင်ခြေ ကော့ကရိတ်ဒေသကို ကျော်လွန်၍ မြဝတီရောက်ရှိရန်ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ စစ်ကူတပ်များအား KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုလုပ်ဆောင်ရာတွင် စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီး အပြင်းအထန်ပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်ဘက်က ကော့ကရိတ်မြို့အချို့ နေရာများမှ ယာယီဆုတ်ခွာထားရဟု နယ်မြေခံစစ်ရေးသတင်းအရင်းအမြစ်များက ပြောဆိုထားသည်။

Most read this week

May 3, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ဝင်းရေးမြို့နယ်...
May 3, 2024
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်ကျော် ကာလအတွင်း ကရင်နီ(ကယား)ပြည်တွင် စစ်...
May 2, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် (၁၃)မိုင်တွင် မေလ(၁)ရက်နေ့က စစ်ကောင်စီနှင့်...
May 2, 2024
စစ်အာဏာရှင် စနစ်ဆိုးကြောင့် အလုပ်သမားများအနေဖြင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့် အရေးချိုး...