ထိုင်းဘက်ခြမ်း တိမ်းရှောင်လာသည့် မြဝတီ စစ်ရှောင်အားလုံးကို ပြန်လည်ပို့ဆောင်ပြီး စစ်ရှောင်စခန်းရုပ်သိမ်း

ထိုင်းဘက်ခြမ်း တိမ်းရှောင်လာသည့် မြဝတီ စစ်ရှောင်အားလုံးကို ပြန်လည်ပို့ဆောင်ပြီး စစ်ရှောင်စခန်းရုပ်သိမ်း

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘက်တွင် တိမ်းရှောင်လာသည့် မြဝတီဒေသခံစစ်ရှောင်များအားလုံးကို ထိုင်း အာဏာပိုင်ဘက်မှ ဧပြီလ ၂၄ ရက်၊ ယနေ့ နေ့လည်အချိန်တွင် နေရပ်ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း မဲဆောက်မြို့ အစိုးရ ဌာနဆိုင်ရာက ထုတ်ပြန်ထားသည်။

ထိုင်းဒေသ အာဏာပိုင်များက စီစဉ်ပေးထားသည့် နွားခြံနှင့် ဆိတ်ခြံ စသည့် စစ်ရှောင်နေရာများရှိ စစ်ရှောင်များ အား ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းမှစတင်ကာ ပြန်လည်ပို့ဆောင်ခဲ့ရာ ယနေ့ နောက်ဆုံး အသုတ်အဖြစ် ကျန်ရှိသူ ၆၅၈ ဦးကို ပြန်လည်ပို့ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ရှောင်များအားလုံး နေရပ်ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်၍ မဲဆောက်ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ခိုလှုံခွင့်ပေးသည့် စစ်ရှောင်စခန်းနှစ်ခုကိုလည်း ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ လူသား ချင်းစာနာထောက်ထားမှုအဖြစ် ဖွင့်လှစ်ထားသည့် အလှူပစ္စည်းနှင့် အလှူငွေကောက်ခံခြင်းဌာနကို လည်း ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မဲဆောက်ခရိုင် ကြက်ခြေနီရုံးခွဲက ထုတ်ပြန်သည်။

ထွက်ပြေးတိမ်းရှောင်လာသည် စစ်ရှောင်များအားလုံးကို ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်သည့်အတွက် အလှူရှင်များလာရောက်လှူဒါန်းထားသည့် စားသောက်ကုန်အားလုံးကိုလည်း အဆိုပါ စစ်ရှောင်များအား ပေးဝေလိုက်ကြောင်း မဲဆောက်ခရိုင် ကြက်ခြေနီအဖွဲ့၏ ထုတ်ပြန်ထားချက်တွင် ဖော်ပြပါရှိသည်။

၎င်းစစ်ရှောင်များအား လိုက်ပါကူညီပေးနေသူတစ်ဦးက “ ပစ်ခတ်မှုကြီးကြီးမားမားမရှိတော့ဘူးဆိုတော့ စစ်ရှောင်အားလုံးကို ပြန်ပို့လိုက်တာဖြစ်မယ်။ နီးစပ်ရာ မြို့နယ်ရုံးက လူတွေကို မေးကြည့်တော့ ဒါက သူတို့ ထိုင်းစစ်တပ်က ပြန်ပို့ခိုင်းတော့ ပို့ရတာဖြစ်တယ်။ ပစ်ခတ်မှုကြီးကြီးမဖြစ်ရင် ထိုင်းဘက်ကတော့ စစ်ရှောင် တွေကိုတော့ လက်မခံဘူး။ လူထုတွေကလည်း ပစ်ခတ်မှုကြီးကြီးမဖြစ်ရင်တော့ သူတို့လည်း ထိုင်းဘက်ကူးပြီး မလာလောက်ပါဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ဧပြီလ ၂၃ ရက်၊ ယမန်နေ့တွင်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဖဟီထာ နုကွန် (Parnpree Bahiddha-Nukara)က မဲဆောက်မြို့ကို ထပ်မံရောက်ရှိလာကာ နေရပ်မပြန်နိုင်သေးသော စစ်ရှောင်အချို့ကို သွားရောက် ကြည့်ရှုသည့်အပြင် နယ်စပ်အခြေအနေကိုလည်း လေ့လာကြည့်ရှုသွားခဲ့သည်ဟု သိရသည်။

ထို့အပြင် ဝန်ကြီးခရီးစဉ်၏ သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနယ်စပ်လုံခြုံရေးကို ကာကွယ်သွားမည်ဖြစ်သလို ထိုင်းနယ်မြေအတွင်း ထွက်ပြေးလာပြီး ခိုလှုံခွင့်တောင်းခံလာသည့် အရပ်သားဖြစ်စေ၊ စစ်သားများဖြစ်စေ လက်ခံခိုလှုံခွင့်ပေးရန်အတွက် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ပြောဆိုခဲ့သည်။

မြဝတီအမှတ်(၂)ချစ်ကြည်ရေးတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA တော်လှန်ရေးပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီက လေကြောင်း သုံးတိုက်ခိုက်မှုအပြင်းအထန်လုပ်ဆောင်သည့်အတွက် ထောင်နှင့်ချီသော မြဝတီဒေသခံများ မဲဆောက်မြို့ ဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့ရသည်။ ထိုင်းအာဏာပိုင်က စီစဉ်ပေးထားသည့် စစ်ရှောင်စခန်းနေရာ ၂ ခုတွင် စစ်ရှောင်ဦးရေ ၂၀၀၀ ကျော် သွားရောက်ခိုလှုံခဲ့ကြောင်း သိရသည်။

May 3, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ဝင်းရေးမြို့နယ်...
May 3, 2024
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်ကျော် ကာလအတွင်း ကရင်နီ(ကယား)ပြည်တွင် စစ်...
May 2, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် (၁၃)မိုင်တွင် မေလ(၁)ရက်နေ့က စစ်ကောင်စီနှင့်...
May 2, 2024
စစ်အာဏာရှင် စနစ်ဆိုးကြောင့် အလုပ်သမားများအနေဖြင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့် အရေးချိုး...