ပြည်သူအသက်အိုးအိမ် စိုးရိမ်ချက်ကြောင့် မြဝတီတိုက်ပွဲအတွင်း အနည်းငယ်ဆုတ်ခွာထားရကြောင်း KNU ပြော

ပြည်သူအသက်အိုးအိမ် စိုးရိမ်ချက်ကြောင့် မြဝတီတိုက်ပွဲအတွင်း အနည်းငယ်ဆုတ်ခွာထားရကြောင်း KNU ပြော

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၂)တံတားအနီးရှိ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ဝင်ရောက် ပစ်ခတ်သည့်တိုက်ပွဲအတွင်း ပြည်သူလူထု၏အသက်အိုးအိမ် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်သဖြင့် နောက်သို့အနည်းငယ်ဆုတ်ခွာထားရကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ပြောသည်။

မြဝတီအခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KNLA ပူးပေါင်းတပ်မှ ဧပြီလ(၁၉)ရက်နေ့က စတင်တိုက်ခိုက်စဥ် စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုအကြိမ်ရေ (၁၅၀)ထက်မနည်း လုပ်ဆောင်ခဲ့သည်တွင် ပြည်သူလူထုထိခိုက်သေဆုံးမှုရှိလာသဖြင့် ယမန်နေ့ မနက်ပိုင်းမှစ၍ ပူးပေါင်းတပ်ဘက်က မြို့မှ ယာယီ ဆုတ်ခွာထားခြင်းဖြစ်သည်။

KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက “အမှတ်(၂)တံတားအောက်က စစ်ကောင်စီတပ်တွေကို တိုက်တဲ့ နေရာမှာ လောလောဆယ် ကျနော်တို့အခြေအနေအရ နောက်ကိုနည်းနည်းပြန် ဆုတ်လိုက်တဲ့သဘောရှိတယ် ။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီကလေကြောင်းနဲ့ မြောက်များစွာဗုံးကြဲချတဲ့အပေါ်မှာ ပြည်သူလူထုအတွက်လည်းစိုးရိမ်မှုရှိတယ်။ ဒါကိုကျနော်တို့ပြန်လည်သုံးသပ်နိုင်ဖို့ အမှတ်(၂)တံတားနောက်ကို နည်းနည်းပြန် ဆုတ်လိုက်တဲ့သဘောပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

KNLA ပူးပေါင်းတပ်များ ဆုတ်ခွာထားသော်လည်း စစ်တပ်ကလေယာဥ်(၂)စင်းဖြင့် ယနေ့နံနက် (၁၂)နာရီဝန်းကျင်တွင် မြေနီကုန်းရပ်ကွက်အနီးတဝိုက်သို့ ဗုံးထပ်မံကြဲချသွားသလို ယခင်နေ့ ကတိုက်ပွဲအတွင်း ဒေသခံထိခိုက်သေဆုံးမှုအပြင် KNLA ပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင်(၁)ဦးသေဆုံးပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း မြေပြင်ရှိ စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

“မနေ့ ညနေစောင်းလောက်က တော်တော်ငြိမ်သွားပြီး မနက်ကြီး (၁၂)နာရီကျော်လောက်ကျတော့ လေယာဥ်နှစ်စီးနဲ့ မြေနီကုန်းတစ်ဝိုက်ကိုလာကြဲသွားတယ်။ အခုချိန်ထိကတော့ လက်နက်ကြီးလည်း မပစ်ဘူး။ လေယာဥ်လည်း လာမဝဲတော့ဘူး ငြိမ်နေတယ်။ အရင်နေ့ကတိုက်ပွဲမှာတော့ ကျနော်တို့ရဲဘော်ဘက်က တစ်ယောက်ကျပြီး နှစ်ယောက်ထိထားတယ်။” ဟု မြဝတီမြို့ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့တွင် ပြောသည်။

အမှတ်(၂)တံတားအနီးသို့ ဆုတ်ခွာနေသော ခလရ-၂၇၅ အကြွင်းအကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကူတပ်များကြောင့် မြဝတီမြို့ကိုလက်မလွှတ်ရရေး KNU အနေဖြင့်ကြိုးပမ်းဆောင်ရွက်နေပြီး လုံခြုံရသည့်အနေအထားရောက်ရှိပါက အုပ်ချုပ်ရေး အကောင်အထည်ဖော်သွားမည်ဟုလည်း ဧပြီလ(၁၂)ရက်နေ့က KNU ဘက်က ကြေညာချက် ထုတ်ပြန်ထားသည်။

သို့သော် မြို့တွင်းအခြေအနေရှုပ်ထွေးနေသည့် လက်ရှိအနေအထားအရ မြို့အုပ်ချုပ်ရေးလည်ပတ်နိုင်ရန် အဆင်မပြေသေးသော်လည်း KNU အနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေသည်ဟု မြဝတီ၏ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ ပဒိုစောကလယ်စေးက ဖြည့်စွက်ပြောသည်။

“မြို့ကိုအုပ်ချုပ်နိုင်ဖို့အတွက်ကတော့အဆင်မပြေသေးပါဘူး။ ဒါပေမယ့် မြို့ကိုအုပ်ချုပ်ဖို့စီမံခန့်ခွဲဖို့ ရည်ရွယ်ချက်ရှိထားပါတယ်။ လောလောဆယ်မှာအုပ်ချုပ်ရေးဝင်လို့မရသေးဘူးဆိုပေမဲ့ ဆက်လက်ကြိုးစားဖို့ရှိနေပါတယ်” ဟု KNU ပြောခွင့်ရက ဆိုသည်။

တဖက်တွင် မြဝတီမြို့စောင့်တပ် ခလရ-၂၇၅ အား KNLA ပူးပေါင်းတပ်မှ သိမ်းပိုက်ရရှိခဲ့သော်လည်း စစ်ကောင်စီဘက်က စစ်ကူပေးရန်နှင့်မြို့ကို ပြန်လည်သိမ်းယူနိုင်ရန် ဧပြီလ(၁၁)ရက်နေ့မှစ၍ ကော့ ကရိတ်ဘက်မှ စစ်ကြောင်းအကြီးအကျယ်ထိုးစစ်ဆင်လာသလို ပူးပေါင်းတပ်ဘက်ကလည်း စစ်ကူ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်နေသဖြင့် ကော့ကရိတ်ဒေသတစ်ခွင်တွင် နှစ်ဖက်တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားလျက်ရှိသည်။

ထို့အတူ စစ်ကူတပ်များ မြဝတီသို့မရောက်နိုင်ရေး ရှေ့တန်းစစ်မျက်နှာရှိ တော်လှန်ရေးအဖွဲ့၏ တပ်မှူးများ၊ ပါဝင်အားဖြည့်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြင့် အားသွန်ခွန်စိုက်ကြိုး ပမ်းလျက်ရှိသည့်အတွက် စစ်ကောင်စီစစ်ကူတပ်များ မြဝတီရောက်နိုင်ရန်ခဲယဥ်းဦးမည်ဖြစ်ကြောင်း KNU ဘက်က အသိပေးပြောဆိုထားသည်။

Photo: Reuters

May 3, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ဝင်းရေးမြို့နယ်...
May 3, 2024
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်ကျော် ကာလအတွင်း ကရင်နီ(ကယား)ပြည်တွင် စစ်...
May 2, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် (၁၃)မိုင်တွင် မေလ(၁)ရက်နေ့က စစ်ကောင်စီနှင့်...
May 2, 2024
စစ်အာဏာရှင် စနစ်ဆိုးကြောင့် အလုပ်သမားများအနေဖြင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့် အရေးချိုး...