စစ်ကောင်စီနဲ့ ARSA ရဲ့ မူးယစ်ဆေးဝါးတင်ပို့မှု ဒေသတွင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ AA ပြော

စစ်ကောင်စီနဲ့ ARSA ရဲ့ မူးယစ်ဆေးဝါးတင်ပို့မှု ဒေသတွင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ AA ပြော

စစ်ကောင်စီဟာ ARSA, ARA အဖွဲ့တွေနဲ့ပေါင်းပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို မူးယစ်ဆေးဝါးတင်ပို့နေတာဟာ မြန်မာနိုင်ငံအပြင် ဒေသတွင်းနိုင်ငံတွေအားလုံးသတိထားရမယ့်ကိစ္စဖြစ်တယ်လို့ အာရက္ခတပ် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခုက ဒီနေ့ပြောဆိုလိုက်ပါတယ်။

"စစ်ကောင်စီအကြမ်းဖက်အဖွဲ့အစည်းဟာ ARSA, ARA အဖွဲ့တွေကို အသုံးချပြီး Bangladesh သို့ မူးယစ်ဆေးဝါးတင်ပို့မှုတွေကို ရေရှည်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ရက္ခိုင်ဒေသ အပါအဝင် မြန်မာတစ်ပြည်လုံးနှင့် ဒေသတွင်းနိုင်ငံတွေအနေနှင့် အားလုံးသတိထားရမဲ့ကိစ္စ၊  ဒေသတွင်းလုံခြုံရေးကိုထိခိုက် ခြမ်းခြောက်လာမယ့် ကိစ္စဖြစ်ပါတယ်။" လို့ ဦးခိုင်သုခက ဒီနေ့သူ့ရဲ့ တယ်လီဂရမ်ချန်နယ်လ်ကတဆင့် ပြောလိုက်တာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ သတင်းစာတွေမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ AA ကို မူးယစ်ဆေးရောင်းဝယ်နေတဲ့အဖွဲ့လို့  စွပ်စွဲခဲ့တာပါ။

"AA မဟုတ်ပါဘူး ADA ပါ။ Arakan Drug Army ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းသည် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်နေတဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။" လို့ ဇော်မင်းထွန်းက ပြောခဲ့တာပါ။

ဒါပေမဲ့ ဒီနေ့ ဦးခိုင်သုခရဲ့ ပြောဆိုချက်မှာတော့  "ဒါကတော့ သူခိုးက လူပြန်ဟစ်တာဖြစ်တယ်ဗျ။ အကြမ်း‌ဖက် ဖက်ဆစ်စစ်ကောင်စီဟာ ရက္ခိုင်စစ်မျက်နှာမှာ သူတို့ရဲ့ရှုံးနိမ့်မှုတွေကို ဖုံးကွယ်ဖို့အတွက် ကြိုးစားတဲ့အခါတိုင်း ကျနော်တို့အဖွဲ့အစည်းအပေါ်မှာ  ယုတ်ညံ့အောက်တန်းကျတဲ့ နိုင်ငံရေးအောက်လုံးတွေနှင့် တောက်လျှောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။" လို့ ဆိုပါတယ်။

ရိုဟင်ဂျာနိုင်ငံရေးအတိုင်ပင်ခံအင်အားစု ဦးဆောင်လှုပ်ရှားမှုအဖွဲ့ (ယာယီ) က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြိုင်ကလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ "လူကိုဒုက္ခပေးတာမှာရော လိမ်လည်တာမှာရော ကိုယ်ကျိုးရှာတာမှာရော စစ်တပ်(စကစ)လောက် ကမ္ဘာပေါ်မှာ ဘယ်သူရှိမှာတုန်း။"လို့လည်း မနေ့က ညပိုင်းမှာ ရေးသားထားပါတယ်။

AA ဘက်တော့ စစ်ကောင်စီဟာ အခုအချိန်မှာတော့ ဘူးသီးတောင်၊ မောင်တောဒေသမှာ မူဆလင်တချို့ကို သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးနေသလို သူတို့နဲ့ပူးပေါင်းပြီး ဒေသခံတွေရဲ့အိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ပြောဆိုနေပါတယ်။

ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးအတွက်ဆောင်ရွက်နေသူတစ်ယောက်ဖြစ်တဲ့ ရိုနေဆန်းလွင်ကလည်း "စစ်တပ်က မီးရှို့ဖျက်ဆီးတာတွေလုပ်တဲ့နေရာတွေကိုလည်း အတင်းအဓမ္မစစ်တပ်ထဲ သွတ်သွင်းခံရတဲ့ ရိုဟင်ဂျာလူငယ်တွေကို စစ်ယူနီဖောင်းပေးဝတ်ပြီးခေါ်သွားတယ်။ လူမျိုး၊ ဘာသာမတူကွဲပြားတဲ့ အသိုင်းအဝိုင်းနှစ်ခုကြား အကြမ်းဖက်မှုတွေဖြစ်လာအောင် တည်ပေးနေတဲ့ စစ်တပ်ကိုယ်တိုင် အဲဒီလူငယ်တွေက ဦးဆောင်ပြီး မီးဖျက်ဆီးမှုတွေ လုပ်နေတယ်ဆိုပြီး သတင်းတွေဖြန့်တယ်။"လို့လည်း ဧပြီလ ၁၈ ရက်နေ့က ရေးသားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးတဲ့နောက် ပြည်သူ့စစ် (ပျူစောထီး) ၂၁၀၀ ကျော်ကို မြို့နယ်ပေါင်း ၄၀ မှာစုဆောင်းခဲ့ပြီး အဲဒီထဲမှာ ရိုဟင်ဂျာ ၉၀၀ ကျော် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

Most read this week

May 2, 2024
ပူတာအိုခရိုင်အတွင်းက လယ်ယာလုပ်ကိုင်မယ့် တောင်သူတွေစက်သုံးဆီရရှိနိုင်ဖို့အတွက်...
ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။
April 30, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ စတင်လိုက်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က...
April 30, 2024
မြစ်ကြီးနား-ဗန်းမော် ရေကြောင်းလမ်းကို လုံခြုံရေးယူပေးနေတဲ့ ဆင်ဘိုမြို့အတွင်းက စစ်ကောင်စီ ခမရ ၁၄၁...
April 22, 2024
စစ်ကောင်စီဟာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနအလိုက် သုံးစွဲရမယ့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို...